AB News – ဩဂုတ် ၁၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ယာယီဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသားနှင့် လူငယ် ၁၉ ဦးကို ယနေ့တွင် မိဘများထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
ပြန်လည်လွှဲပြောင်းပေးခဲ့သူများတွင် အသက် ၂၀ အောက် အမျိုးသမီး ၁ ဦး၊ ကျောင်းသား ၁၃ ဦးနှင့် လူငယ် ၆ ဦး ပါဝင်သည်။
အဆိုပါကျောင်းသားနှင့် လူငယ်များသည် မူးယစ်ဆေးဝါး သုံးစွဲခဲ့ခြင်းကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) ၏ ရက်ပေါင်း ၃၀ ခန့် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ခံခဲ့ရသူများဖြစ်သည်။
ထိန်းသိမ်းခံရသူများကို မိဘများထံ ပြန်လည်မလွှဲပြောင်းမီ ကျန်းမာရေးအခြေအနေများ ကြိုတင်စစ်ဆေးခဲ့ပြီး၊ ပြစ်ဒဏ်အဖြစ် ကြိမ်ဒဏ် ၃ ချက်မှ ၅ ချက်အထိ အပြစ်ပေးကာ အုပ်ထိန်းသူများ၏ အာမခံဖြင့် ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြန်လည်လွတ်မြောက်လာသူများအနေဖြင့် မူးယစ်ဆေးဝါးမှုဖြင့် ထပ်မံဖမ်းဆီးခံရပါက ယခင်ပြစ်ဒဏ်များကိုပါ တစ်ပါတည်းကျခံရမည်ဖြစ်ကြောင်း သိရသည်။
DLEPS ဌာနအနေဖြင့် အဆိုပါ ကျောင်းသားနှင့် လူငယ်များကို မူးယစ်ဆေးဝါးသုံးစွဲမှုမှ ကင်းဝေးစေရေးနှင့် အနာဂတ်ဘဝ လှပစေရေးအတွက် ခေါ်ယူထိန်းကျောင်းခြင်း၊ အကျင့်စာရိတ္တ ပြုပြင်ပေးခြင်းနှင့် အသိပညာပေးခြင်းများကို လုပ်ဆောင်ပေးခဲ့သည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ရက္ခိုင်ပြည်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူး သုံးစွဲမှုများ ပပျောက်ရေး၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် မူးယစ်ဆေးဝါး အမြစ်ဖြတ် တိုက်ဖျက်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။
ဓာတ်ပုံ – Arakan Princess Media
