AB News – ဩဂုတ် ၁၁၊ ၂၀၂၆
ပလက်ဝမြို့ကို စစ်ကော်မရှင်လေတပ်မှ ယနေ့ နံနက်ပိုင်းခန့်အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မိန်းကလေးငယ် (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင် လေတပ်သည် ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့၊ နံနက် ၇ နာရီ ၃၅ မိနစ်ခန့်က ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်ရှိ မြို့အဝင်ဆိုင်းဘုတ်အနီးသို့ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံး (၁) လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
” ကလေးတွေက အိမ်မှာပဲ ဗီဒီယိုကြည့်နေကြတာပါ။ အဲ့ဒီအချိန်မှာ ဂျက်ဖိုက်တာတစ်စီးက ဗုံးလာကြဲတာ။ ကလေး (၂) ဦးတော့ ဒဏ်ရာ ကိုယ်စီရသွားကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်နေ အဖ ဦးသောကြား၏ သမီး အသက် (၁၉) နှစ်အရွယ် မထွီးစိန်မှာ ဒူးအောက်တွင် အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ပလက်ဝမြို့နယ်၊ ရီတံခွန်ကျေးရွာနေ အဖ ကောင်းနုံ၏ သမီး အသက် (၁၃) နှစ်အရွယ် မသန္တာထိုက်မှာလည်း ခြေသလုံးတွင် အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနီးအနားရှိ နေအိမ် (၃) ဆောင်မှာလည်း အသေးစားထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများကပြောသည်။
အလားတူ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့ကလည်း သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သက်ကြီးပိုင်းအရွယ် (၆) ဦးအပါအဝင် အရပ်သားပြည်သူ (၁၄) ဦးအထိ သေဆုံးခဲ့ရပြီး၊ အရပ်သားပြည်သူ (၁၁) ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် အဆိုပါဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လုံးဝထိခိုက်ပျက်စီးခဲ့ရသည့် လူနေအိမ် (၁၁) ဆောင်အပါအဝင် ဓမ္မာရုံနှင့် လူနေအိမ် (၂၁) ဆောင်မှာ ထိခိုက်ပျက်စီးခဲ့ရပြီး ဖုန်းဆိုင်၊ ဆန်စက်နှင့် ကား စသည့် အရပ်သားပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ရသည်။
