AB News – ဩဂုတ် ၆၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ စခန်းချနေထိုင်ရာနေရာများနှင့် တပ်ရင်းနေရာဟောင်းများကို စစ်ကော်မရှင်တပ်က ဩဂုတ်လ ၄ ရက် ညပိုင်းတွင် ဂျက်တိုက်လေယာဉ်နှင့် Y-12 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) သတင်းနှင့် ပြန်ကြားရေးဌာနက ဩဂုတ်လ ၆ ရက်တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ဩဂုတ်လ ၄ ရက် ည ၉ နာရီခန့်မှ ၁၀ နာရီကျော်အထိ တစ်နာရီကျော်ကြာ ဂျက်တိုက်လေယာဉ် ၆ စီးနှင့် Y-12 လေယာဉ် ၂ စီးတို့ဖြင့် ဗုံးအလုံးရေ ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် မြောက်ဦးမြို့ရှိ အမှတ် (၅၄၀) တပ်ရင်းနှင့် အမှတ် (၃၁) ရဲတပ်ရင်းတို့၏ နေရာဟောင်းများအပြင် ယင်းနေရာများအနီး စခန်းချနေထိုင်နေသည့် စစ်ဘေးရှောင်နှင့် ရေဘေးရှောင်ပြည်သူများရှိရာ နေရာများသို့လည်း ကျရောက်ခဲ့ကြောင်း AA က ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နှင့် ရေဘေးရှောင် အရပ်သား ၄ ဦး အလတ်စားဒဏ်ရာများ ရရှိခဲ့သည့်အပြင် ဒေသခံများ မွေးမြူထားသော နွား ၃ ကောင် သေဆုံးပြီး ၅ ကောင် ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လူနေအိမ်နှင့် အဆောက်အအုံအချို့လည်း ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ မိုးတွင်းကာလဖြစ်သော်လည်း စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်မှာ ဆက်လက်ရှိနေဆဲဖြစ်သဖြင့် ရက္ခိုင်ဒေသအတွင်းရှိ ပြည်သူများအနေဖြင့် လေကြောင်းရန်ကို အထူးသတိပြု၍ နေထိုင်သွားလာကြရန် အာရက္ခတပ်တော်က အသိပေးတိုက်တွန်းထားသည်။
Photo – AA Info Desk
