AB News – ဩဂုတ် ၅၊ ၂၀၂၆
စစ်ကော်မရှင်သည် မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများနေသောကြောင့် အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်သည်။
လက်ရှိမှာ စစ်ကော်မရှင်သည် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အပါအဝင် ချင်းပြည်နယ်(တောင်ပိုင်း) စသော ရက္ခိုင်ဒေသနှင့် နယ်မြေထိစပ်လျှက်ရှိသောနေရာများကို ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။
အလားတူ တပြိုင်နက်တည်းတွင် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ ဂွ၊ ကျိန္တလီ၊ ဝိရဌာနီ (ပေါက်တော)နှင့် ပုဏ္ဏားကျွန်း – စစ်တွေမြို့ အစပ်နေရာများ၊ အရပ်သားပြည်သူများရှိရာ မြို့၊ ရွာ၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် သာသနိကအဆောက်အအုံများအား လေကြောင်းမှ နေ့ည၊ အချိန်မရွေး ဗုံးကြဲတိုက်ခိုက်ခြင်းများအပြင် ပင်လယ်ပြင်၌ တပ်စွဲထားသော စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်လျှက်ရှိသည်။
မြေပြင်မှာ စစ်ကော်မရှင် ထိုးစစ်ဆင်ပြီး ထိုးဖောက်ရန်ကြိုးစားနေသော နေရာတိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကော်မရှင်ဖက်မှ အကျအဆုံးများကာ အသာစီးမရသောကြောင်း ၎င်းတို့၏ အားသာချက်ဖြစ်သော လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်ပြီး အားပြုတိုက်ခိုက်နေခြင်းဖြစ်ကြောင်း AA က ဆိုသည်။
ထို့ပြင် အာရက္ခတပ်တော် (AA)နှင့် လက်ရှိတိုက်ပွဲများဖြစ်ပွားနေသော အဓိကနေရာကြီးများထဲမှ ရက္ခိုင် – ဧရာဝတီ အစပ်ရှိတိုက်ပွဲများမှာ ဆက်လက်ရှိနေပြီး ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရာသီဥတုအခြေအနေအပေါ် မှုတည်၍ နှစ်ဖက် ထိုးစစ်၊ ခံစစ်များ အနိမ့်အမြင့်ရှိခဲ့ကြောင်း ပြောထားသည်။
ယင်းနောက် ဂွမြို့ကိုဝင်ရောက်နိုင်ရန်အတွက် ပုသိမ် နတခ မှ ထပ်မံအင်အားဖြည့်ထားတင်းထားသော စစ်ကော်မရှင်တပ်၏ တပ်မ (၆၆) လက်အောက်ခံ ခလရ (၁)၊ ခလရ (၁၁) တပ်ရင်းများနှင့် အာရက္ခတပ်တော် (AA) တို့ ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ရုံးပင်ကျေးရွာအနောက်မြောက်ဘက်တွင် ပြီးခဲ့သည့် ဩဂုတ်လ (၂) ရက်နေ့က (၂) နာရီနီးပါးကြာ တိုက်ပွဲ (၂) ခု ရှေ့ဆင့်နောက်ဆင့်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားရာ (၂) ခုတွင် စစ်ကော်မရှင်ဘက်မှ အထိအခိုက်အကျအဆုံးများဖြင့် တပ်ပြန်ဆုတ်သွားခဲ့သောကြောင့် အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ရုပ်အလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။
ယင်းအပြင် ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ သာပေါင်ကလေးကျေးရွာ၏ အရှေ့ဘက် ( ၁. ၀၆) ကီလိုမီတာခန့် အကွာတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ (၂) နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်းလည်း ရန်သူလက်နက် အချို့ သိမ်းဆည်းရမိကြောင်း ဆိုသည်။
Photo – AA Info Desk







