AB News – ဇူလိုင် ၁၂ ၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ် အတွင်းရှိ ကာမေစစ်ဘေးရှောင်စခန်းမှ ပြည်သူများမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပေါ်သို့တက်၍ ထင်း၊ ဝါးနှင့် ဟင်းသီးဟင်းရွက် ရှာဖွေရန် အဆင်မပြေဖြစ်ပြီး စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်ပြည်သူများ၏ အခြေခံစားဝတ်နေရေးနှင့် ကျန်းမာရေး လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးနိုင်ရန်အတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HDCO) ထံမှ အရေးပေါ် ရိက္ခာဆန် အိတ် (၅၀) ရရှိခဲ့သည်။
ထိုသို့ရရှိသည့် ဆန်များကို စောမဲကျီဖောင်ဒေးရှင်းက ပံ့ပိုးကူညီပေးခဲ့ပြီး ဌာနဆိုင်ရာများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ ၎င်းနောက် ဆန်အိတ် (၃၃) အိတ်ကို စစ်ဘေးရှောင်ပြည်သူ (၈၀၄) ဦးအတွက် လူတစ်ဦးလျှင် ဆန် ၈ဘူး နှုန်းဖြင့် စနစ်တကျ ခွဲဝေထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ဘေးရှောင်စခန်းရှိ ပြည်သူများအတွက် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် မြို့နယ်ဆရာဝန်ကြီး၏ စီစဉ်ညွှန်ကြားမှုဖြင့် ဆေးဝါးများနှင့် ကျန်းမာရေးဝန်ထမ်းများကို စေလွှတ်ပေးခဲ့သည်။
တိုက်နယ်ကျန်းမာရေးဌာနခွဲ တာဝန်ခံနှင့် ကျန်းမာရေးဝန်ထမ်းများက စခန်းအတွင်းရှိ စစ်ဘေးရှောင် ပြည်သူ (၇၀) ဦးခန့်ကို လိုအပ်သည့် ဆေးဝါးကုသမှုများလည်း ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။




