သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် စစ်ကော်မရှင်လေတပ်နှင့် မူဆလင်လက်နက်ကိုင်များ အချိန်ကိုက် စစ်ရေး လှုပ်ရှားနေ



AB News – ဇူလိုင် ၃၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မောင်တောခရိုင်အတွင်း စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲမှုများနှင့် ARSA၊ RSO နှင့် ARA စသည့် မူဆလင်လက်နက်ကိုင်အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများ တစ်ပြိုင်နက်တည်း အချိန်ကိုက် ပေါ်ပေါက်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ဇွန်လ နောက်ဆုံးပတ်မှစ၍ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နတ်မြစ်ကမ်းတစ်လျှောက်နှင့် မယူတောင်တန်းဒေသများတွင် အဆိုပါ မူဆလင်လက်နက်ကိုင်အဖွဲ့များက နယ်စပ်ဖြတ်ကျော် ဝင်ထွက်ခြင်းနှင့် ရိက္ခာသယ်ယူစုဆောင်းခြင်းများကို နေ့စဉ်ရက်ဆက် ပြုလုပ်လာခဲ့သည်။

ထိုသို့ လှုပ်ရှားမှုများနှင့် တစ်ချိန်တည်းမှာပင် စစ်ကော်မရှင်တပ်ကလည်း ဒေသခံပြည်သူများအား ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာခြင်း ဖြစ်သည်။

မောင်တောဒေသခံများ၏ ပြောပြချက်အရ အာရက္ခတပ်တော်(AA)မှ နယ်စပ်လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် နယ်မြေရှင်းလင်းရေးများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင် စစ်ကော်မရှင်ဘက်မှ Y-12 ထောက်ပံ့ပို့ဆောင်ရေးလေယာဉ်များနှင့် ဂျက်တိုက်လေယာဉ်များကို အသုံးပြုကာ အရပ်သားများ နေထိုင်ရာ ကျေးရွာများကို အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

​ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်​​နေ့က စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ တန်းကျောင်းသူ ၂ ဦး ဒဏ်ရာရရှိခဲ့​ကြပြီးဇူလိုင်လ ၁ ရက် နံနက်ပိုင်းအချိန်တွင် ဘူးသီးတောင်မြို့နယ်အတွင်း ဗုံးကြဲခံရမှုကြောင့် မူဆလင်ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့သည်။

အလားတူ ဇူလိုင်လ ၁ ရက် ည​အချိန်တွင် မောင်တောမြို့ပတ်ဝန်းကျင်အား စစ်ကော်မရှင်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲခဲ့​ပြီး ဇူလိုင်လ ၂ ရက်​နေ့၊ ညနေ ၃ နာရီအချိန်မှ ၃ နာရီခွဲအချိန်ထိ မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာအနီးသို့ စစ်ကော်မရှင်၏ Y-12 တစ်စီးနှင့် ဂျက်ဖိုက်တာ နှစ်စီးဖြင့် အရပ်သားများကို ပစ်မှတ်ထားကာ ထပ်မံတိုက်ခိုက်ခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် အချိန်အတွင်းမှာပင် ARSA၊ RSO နှင့် ARA စသည့် အဖွဲ့များသည် မယူတောင်ကြောတစ်လျှောက်နှင့် မောင်တောမြို့နယ်အတွင်းရှိ မီးတိုက်၊ သင်္ဘောလှ၊ ဒုံးညို နှင့် တောင်ပြို စသည့် ကျေးရွာများတွင် စစ်ရေးအရ သိသိသာသာ လှုပ်ရှားလာနေကြောင်း သိရသည်။

၎င်းအပြင် မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း၌လည်း စစ်ကော်မရှင်သည် အဆိုပါ မူဆလင်လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ အာရက္ခတပ်တော် (AA) ကို ခုခံတိုက်ခိုက်ခဲ့ဖူးပြီး ယင်းတိုက်ပွဲတွင် စစ်ကော်မရှင်နှင့် ARSA၊ RSO နှင့် ARA အဖွဲ့ဝင်အများအပြား သေဆုံးကာ လက်နက်ခဲယမ်းအမြောက်အမြားကို AA က သိမ်းဆည်းရမိခဲ့သည်။

ယခုလှုပ်ရှားမှုများသည်လည်း အာရက္ခတပ်တော်၏ နယ်မြေစိုးမိုးမှုကို တန်ပြန်ရန် စစ်ကော်မရှင်နှင့် အစွန်းရောက်အဖွဲ့များအကြား အချိန်ကိုက် ညှိနှိုင်းဆောင်ရွက်လာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ