သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင် ဗုံးကြဲခံရမှု မူဆလင် ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦးဒဏ်ရာရ၊ နေအိမ် ၁၀ နီးပါး ပျက်စီး

AB News – ဇူလိုင် ၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ ကြက်မောက်တောင် (မူဆလင်) ကျေးရွာကို စစ်ကော်မရှင် လေတပ်မှ ဂျက်တိုက် လေယာဉ်တစ်စီးနှင့် Y-12 လေယာဉ်တစ်စီးတို့ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ မူဆလင်ကလေးငယ် ၂ ဦးအပါအဝင် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မူဆလင်နေအိမ် ၁၀ နီးပါး ပျက်စီးခဲ့ကြောင်း AB News က ကွင်းဆင်း တွေ့ရှိရသည်။

စစ်ကော်မရှင်လေတပ်မှ ယနေ့ ဇူလိုင်လ ၁ ရက်နေ့၊နံနက် ၁၁ နာရီကျော်ခန့်တွင် ဂျက်ဖိုက်တာ ၁ စီးအပါအဝင်  Y 12 တစ်စီးဖြင့် ကြက်မောက်တောင် (မူဆလင်)ကျေးရွာ၏ ရွာအနောက်ဘက် ၁၀ ပေ ခန့်အကွာသို့  ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း မူဆလင် အမျိုးသမီးတစ်ဦးက AB News သို့ပြောသည်။

ဒေသခံ မူဆလင်အမျိုးသမီးတစ်ဦးက “မိုးအရမ်းရွာနေလို့ လေယာဉ်သံတောင် မကြားလိုက်ဘူး။ ရုတ်တရက် ဗုံးနှစ်လုံး ဆက်တိုက်ကျလာတယ်။ ဗုံးစထိမှန်ပြီး ကလေးနှစ်ယောက်နဲ့ လူကြီးတစ်ယောက် ဒဏ်ရာရသွားတယ်” ဟု ဆိုသည်။

ဒဏ်ရာရရှိသူများမှာ ကြက်မောက်တောင်ကျေးရွာမှ ၃ တန်းကျောင်းသား အသက် ၁၂ နှစ်အရွယ် ဆွေဒုလ်အာမိန်၊ အသက် ၁၂ နှစ်အရွယ် မာမတ်အာရောစ်နှင့် အသက် ၅၀ အရွယ် ဦးအာမိန်ဟူဆောင်းတို့ ဖြစ်ကြောင်း သိရသည်။

၎င်းတို့အနက် ဆွေဒုလ်အာမိန်မှာ ဘယ်ဘက်ပေါင်ရိုးကျိုးသွားသည့်အထိ ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး မာမတ်အာရောစ်မှာ ဝမ်းဗိုက်အောက်ပိုင်းတွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကာ ဦးအာမိန်ဟူဆောင်းမှာ ညာဘက်မျက်ခုံးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရသည်။

နောက်ထပ် ဒေသခံမူဆလင် အမျိုးသားတစ်ဦးက “ဒီနေရာမှာ တိုက်ပွဲလည်း မရှိဘူး။ အေးအေးချမ်းချမ်း နေထိုင်နေတဲ့ ပြည်သူတွေကိုပဲ လာပြီး ဗုံးကြဲတာ။ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ မသိဘူး။ အခုဆို ဘယ်အချိန် လေယာဉ်လာပြီး ဗုံးကြဲမလဲဆိုတာကိုပဲ စိုးရိမ်ကြောက်လန့်နေရတယ်” ဟု ပြောသည်။

ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်ကို နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်ကာ အရေးပေါ်ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ထို့ပြင် ဗုံးပေါက်ကွဲမှုအရှိန်ကြောင့် ဗုံးစထိမှန်မှုများကြောင့် ကြက်မောက်တောင်ကျေးရွာရှိ မူဆလင်နေအိမ် ၁၀ နီးပါး ပျက်စီးခဲ့ပြီး ဦးအာယာတူလာ၊ ဦးနူရ်အီစ္စလာမ်၊ ဒေါ်ဟာဖ်ဆာဘီဘီ၊ ဦးဇာဖောရ်၊ ဦးရှောမ်ရှူအာလောမ်၊ ဦးဆော်လိမ်နှင့် ဦးဘော်ဒီအာလောမ်တို့၏ နေအိမ်များမှာ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့ကြောင်း တွေ့ရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် နံနက်ပိုင်းကလည်း မောင်တောမြို့ကို စစ်ကော်မရှင် လေတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၁၂ တန်းကျောင်းသူ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ဟိန္ဒူနေအိမ် ၁၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကော်မရှင်သည် ရက္ခိုင်ပြည်အတွင်းရှိ အရပ်သားကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ယင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် နေအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

ဘူးသီးတောင်မြို့နယ်သည် ရက္ခိုင်ပြည်မြောက်ပိုင်းရှိ မူဆလင်လူဦးရေ အများဆုံးနေထိုင်ရာ ဒေသများအနက် တစ်ခုဖြစ်ပြီး ကျေးရွာအများအပြားတွင် မူဆလင်အသိုင်းအဝိုင်းများ ထူထပ်စွာ နေထိုင်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ