AB News – ဇွန် ၂၀၊ ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့် မွေးနေ့တွင် အာရက္ခတပ်တော်(AA) ၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ဆုတောင်းစာ ပေးပို့ခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုကင်အဲရစ် က အထူးပင် ကျေးဇူးတင်ရှိကြောင်း Kim Aris facebook စာမျက်နှာပေါ်တွင် မျှဝေထားသည်။
တော်လှန်ရေးရဲဘော်များနှင့် ညီအစ်ကို မောင်နှမများအားလုံး ဆက်လက်ကြံ့ကြံ့ခံပြီး မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် အောင်ပွဲဆီသို့ ဆက်လက်ချီတက်ကြရန် နှိုးဆော်ထားကာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိလာမည့်တစ်နေ့တွင် ကိုကင်အဲရစ်အား အာရက္ခဒေသရှိ လှပပြီး အေးချမ်းသော နေရာတစ်ခု၌ တွေ့ဆုံရန်နှင့် အာရက္ခမြေသို့ လာရောက်လည်ပတ်ရန် ဒေါက်တာညိုထွန်းအောင် က နွေးထွေးစွာ ဖိတ်ခေါ်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုကင်အဲရစ်တို့ အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်ပါစေကြောင်းနှင့် မိမိအား စိတ်ချရသော မိတ်ဆွေတစ်ဦးအဖြစ် အမြဲတမ်း မှတ်ယူထားနိုင်ကြောင်း လည်းရေးသားပေးပို့ထားသည်။
ဒေါက်တာညိုထွန်းအောင်ထံမှ ပေးပို့လာသောစာနှင့် ပတ်သက်၍ ကင်အဲရစ် က “ဒေါက်တာညိုထွန်းအောင်ရဲ့ ဒီစာလေးကို ဖတ်ရတာ တကယ်ပဲ ရင်ထဲထိမိပါတယ်” ဟု ဆိုကာ မိခင်ဖြစ်သူ၏ (၈၁) နှစ်ပြည့်မွေးနေ့တွင် အမှတ်ရနေသည့်အတွက် ကျေးဇူးတင်စကား ဆိုထားသည်။
စစ်အာဏာသိမ်းပြီးနောက် ၄ နှစ်ကျော် ကြာမြင့်လာသည့်တိုင်အောင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ခိုင်လုံသော သက်သေအထောက်အထားများ မရှိသေးကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
“အာဏာသိမ်းပြီးနောက် ၄ နှစ်ကျော် ကြာလာတဲ့အထိ အမေ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိ၊ မရှိကို ကျွန်တော်တို့ အခုထိ မသိရသေးပါဘူး။ အမှီအခိုကင်းပြီး ယုံကြည်စိတ်ချရတဲ့၊ သီးခြားအတည်ပြုထားတဲ့ အသက်ရှင်နေထိုင်မှု သက်သေပြချက် (Proof of life) လည်း အခုထိ မရှိသေးပါဘူး” ဟု ကိုကင်အဲရစ်က ဆိုသည်။
မိခင်ဖြစ်သူအား မမေ့မလျော့ဘဲ ရပ်တည်ပေးကြသည့် မိဘပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျေးဇူးတင်ရှိကြောင်းနှင့် တစ်နေ့တွင် မိခင်နှင့် ပြန်လည်ဆုံတွေ့ရမည်ဟု မျှော်လင့်ချက် ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
ထို့အပြင် အဖြေတစ်ခု မရမချင်း “ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာလဲ” ဆိုသည့် ရိုးရှင်းသော မေးခွန်းကို မိမိတို့နှင့်အတူ ဆက်လက်ရပ်တည်ကာ အတူတကွ တောင်းဆိုမေးမြန်းပေးကြရန်လည်း ကိုကင်အဲရစ်က တိုက်တွန်းနှိုးဆော်ထားသည်။

