AB News – ဇွန် ၁၃၊ ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဇနီးဖြစ်သူအား ရက်စက်စွာ သတ်ဖြတ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အပိုင်းပိုင်းဖြတ်တောက် ဖျောက်ဖျက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာအမျိုးသားတစ်ဦးကို ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူမှာ အသက် ၃၆ နှစ်အရွယ် စားဖိုမှူး အောင်ပြည့် (ခ) အောင်ပေ ဆိုသူဖြစ်ပြီး ၎င်းကို ယနေ့ ဇွန် ၁၃ ရက်၊ နံနက် ၇ နာရီ၊ ၄၅ မိနစ်အချိန်ခန့်တွင် ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းရှိ ၎င်း၏နေအိမ်၌ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ဘန်ကောက်မြို့၊ ဒင်းဒန်း (Din Daeng) ခရိုင်အတွင်း ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့မှုကြောင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းအမှတ် 3342/2569 ဖြင့် အပူတပြင်း လိုက်လံရှာဖွေနေသည့် တရားခံပြေးတစ်ဦးလည်း ဖြစ်သည်။
လူသတ်မှုဖြစ်စဉ်မှာ အသက် ၃၄ နှစ်အရွယ် သေဆုံးသူ မအေးအေးနွဲ့နှင့် ရက်အတော်ကြာ ဖုန်းအဆက်အသွယ်မရသဖြင့် စိတ်ပူနေသော ဆွေမျိုးဖြစ်သူ မောင်အောင်မျိုးဝင်းက ဘန်ကောက်မြို့ ဒင်းဒန်းရဲစခန်းသို့ သွားရောက်တိုင်ကြားပြီး အကူအညီတောင်းခံရာမှ စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့မှ တိုက်ခန်းပိုင်ရှင်၊ ဆွေမျိုးဖြစ်သူတို့နှင့်အတူ ရာ့ချ်ပရာရော့ (Rajprarop) လမ်းသွယ် ၁ ရှိ ၎င်းတို့လင်မယား နေထိုင်ရာ အခန်းသို့ သွားရောက်ဖွင့်လှစ်ရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားထားသည့် အထောက်အထားများနှင့်အတူ ပြင်းထန်သောအပုပ်နံ့များကို စတင်တွေ့ရှိခဲ့ရသည်။
ထို့နောက် အခန်းနောက်ဘက် ဝရန်တာရှိ အနက်ရောင် ပလတ်စတစ်သေတ္တာအကြီးကြီးအတွင်း ထည့်သွင်းဝှက်ထားသည့် မအေးအေးနွဲ့၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။
မှုခင်းဆရာဝန်များနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးချက်များအရ သေဆုံးသူတွင် ဦးခေါင်း၊ ပုခုံးဆစ်မှ လက်မောင်းနှစ်ဖက်နှင့် ဒူးဆစ်မှ ခြေထောက်နှစ်ဖက်စလုံးကို ဖြတ်တောက်ထားသည့်အပြင် ပေါင်နှစ်ဖက်ကိုလည်း လှီးဖြတ်ရန် ကြိုးစားထားသည့် ဓားဒဏ်ရာကြီးများ တွေ့ရှိရပြီး ဝမ်းဗိုက်လည်း လှီးဖြတ်ခံထားရကာ သေဆုံးခဲ့သည်မှာ ရက်အတော်ကြာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခန်းရှိ စီစီတီဗီ (CCTV) ကင်မရာမှတ်တမ်းများအရ ၎င်း၏ခင်ပွန်းဖြစ်သူ အောင်ပြည့်သည် အခင်းဖြစ်ပွားပြီးနောက် ခရီးဆောင်အိတ်အကြီးကြီးတစ်လုံးအား ဆွဲကာ တိုက်ခန်းအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ မအေးအေးနွဲ့မှာ ဘန်ကောက်မြို့ ခလုံတွဲ (Khlong Toei) ရှိ စားသောက်ဆိုင်တစ်ခုတွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ဖမ်းဆီးရမိသူ ခင်ပွန်းဖြစ်သူ အောင်ပြည့် မှာမူ ပေချာဘူရီ (Phetchaburi) လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် စားဖိုမှူးအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့၏ ကနဦးသုံးသပ်ချက်အရ ဤကဲ့သို့ ရက်ရက်စက်စက် သတ်ဖြတ်ရခြင်းမှာ အိမ်ထောင်ရေး ဖောက်ပြန်မှု သို့မဟုတ် အချစ်ရေးအပေါ် သဝန်တိုကာ စိတ္တဇအလွန်အကျွံဖြစ်မှုတို့ကြောင့် ဖြစ်နိုင်ကြောင်း ယူဆထားသည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသည့် တရားခံ အောင်ပြည့်အား ဟင်္သာတမြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ဓာတ်ပုံ – มอญ ชาญ



