AB News – ဇွန် ၁၂၊ ၂၀၂၆
မင်းပြားမြို့၊ ရာစုသစ်ဘော်ဒါဆောင်မှ ကျောင်းသားတစ်ဦး မီးလောင်သေဆုံးမှုဖြစ်စဉ်အတွင်း တရားခံကို ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့တွင် DLEPS ဌာနက ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက်အစောပိုင်း ၁ နာရီကျော်အချိန်တွင် မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်ရှိ ဆရာဦးလှမင်း ဦးစီး၍ ဖွင့်လှစ်ထားသော ရာစုသစ်ဘော်ဒါဆောင်တွင် G-12 ပညာသင်ကြားနေသည့် မင်းပြားမြို့နယ်၊ ကျွဲကြိုရွာမှ (အဖ) ဦးဦးကျော်ဇံသား၏ သား မောင်ငြိမ်းထက်ကျော်(၁၈)နှစ် သည် ၎င်း၏ အိပ်ရာ၌ မီးလောင်မှုဖြစ်ပွား၍ ဆေးကုသမှုခံယူနေစဉ် နေ့လယ် ၁၁ နာရီ၊ ၄၅ မိနစ်အချိန်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
မောင်ငြိမ်းထက်ကျော် မီးလောင်သေဆုံးမှုအတွင်း ဝန်ခံခဲ့သူမှာ ၎င်း ၏ ညီအစ်ကို ဝမ်းကွဲတော်စပ်သူ ရဲဝင်းအောင် ဖြစ်ကြောင်း သိရသည်။
ညအချိန် မောင်ငြိမ်းထက်ကျော် အိပ်နေချိန်တွင် စနောက်လို၍ ခြင်ထောင်ချည်ထားသည့် ကြိုးကို ရဲဝင်းအောင် က ဂတ်စ်မီးခြစ်ဖြင့် မီးရှို့ရာမှ ခြင်ထောင်အား မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး မောင်ငြိမ်းထက်ကျော်မှာလည်း မီးလောင်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
မောင်ရဲဝင်းအောင်မှာ ၎င်း၏ ပြစ်မှုမကင်းသော ပြုလုပ်မိခဲ့ခြင်းအပေါ် ဘော်ဒါဆောင်ပိုင်ရှင်၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများအတွက် နေ့စဉ်နှင့်အမျှ စိတ်မချမ်းမသာ ဖြစ်နေရခြင်း၊ ပြစ်မှုကို ဖုံးကွယ်ထိန်ချန် မြိုသိပ်ထားရသည်မှာ စိတ်မွန်းကျပ်မှု အလွန်ခံစားလာရ၍ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ထံ ၎င်း ပြုလုပ်ခဲ့သည့် ပြုလုပ်မှုကို အမှန်အတိုင်း ဝန်ခံရခြင်းဖြစ်ကြောင်းနှင့် တရားရုံးတော်၌ ကျူးလွန်ခဲ့သည့် ပြစ်မှုအကြောင်းရင်းများကို ထွက်ဆိုခဲ့ကြောင်း သိရသည်။
ဘော်ဒါဆောင်ပိုင်ရှင် ဆရာဦးလှမင်းမှ အခင်းဖြစ်ရပ်ရှိ အမှုမှ သေဆုံးသူ မောင်ငြိမ်းထက်ကျော် ၏ မီးစွဲလောင်၍ ကျန်ခဲ့သော ပစ္စည်းများကို ကျောင်းသားများအား စွန့်ပစ်စေခဲ့ပြီး အခင်းဖြစ်ရပ်အခန်းကို ရှင်းလင်းစေခဲ့ကြောင်း ထွက်ဆိုချက်အရ ဦးလှမင်းသည် အခင်းဖြစ်ရပ်မှ အမှုမှန် ပေါက်ပေါက်ရေးအထောက်အကူဖြစ်သော မှုခင်းဖြစ်စဉ် မူလအနေအထားနှင့် သက်သေခံပစ္စည်းများအား ဖျောက်ဖျက်စေခဲ့သည့်အတွက် သက်သေခံဖျောက်ဖျက်စေမှုသည် ၎င်းအပေါ်၌သာ တာဝန်ရှိသဖြင့် ပြစ်မှုကျူးလွန်သူ တရားခံ ရဲဝင်းအောင်နှင့် သက်သေခံပစ္စည်းများအား ဖျောက်ဖျက်စေခဲ့သူ ဘော်ဒါဆောင်ပိုင်ရှင် ဆရာဦးလှမင်းတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အမှုအား ခိုင်မာစွာ တည်ဆောက်ကာ ဥပဒေအကြံပြုချက်နှင့်အညီ တရားစွဲလားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေး





