သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်တွင် ULA/AA နှင့် ပြည်သူများ ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

AB News – ဇွန် ၁၁၊ ၂၀၂၆

ရက္ခိုင်​ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူနေမှုဘဝ အဆင်ပြေချောမွေ့စေရေးကို ရည်ရွယ်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA နှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ကိုယ်ထူကိုယ်ထဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘူးသီးတောင်မြို့နယ်၊ လောင်းချောင်းကျေးရွာတွင် ပျက်စီးနေသည့် တံတားတစ်စင်းအား AA တပ်ဖွဲ့ဝင်များနှင့် ဒေသခံကျေးရွာသားများ ပူးပေါင်း၍ ပြုပြင်မွမ်းမံခဲ့ကြောင်း သိရသည်။

အဆိုပါတံတားသည် ကျေးရွာအချင်းချင်း ဆက်သွယ် သွားလာရေးနှင့် ဒေသခံပြည်သူများ၏ နေ့စဉ်လူမှု စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသည့် အခြေခံအဆောက်အအုံတစ်ခုဖြစ်ပြီး ပျက်စီးနေမှုကြောင့် သွားလာရေးအခက်အခဲများ ကြုံတွေ့နေရသဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘူးသီးတောင်မြို့နယ်၊ ပြိန်းချောင်းကျေးရွာတွင် ULA/AA တာဝန်ရှိသူများက ဒေသခံ ကျေးရွာသားများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ လူမှုစည်းလုံး ညီညွတ်ရေးနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ၊ ဆေးဝါးပေးအပ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

“တံတားပျက်စီးနေတဲ့အတွက် သွားလာရေးအခက်အခဲတွေ ရှိခဲ့ပေမယ့် အခုလို ULA/AA နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ပြုပြင်ပေးလိုက်တဲ့အတွက် အဆင်ပြေသွားပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လာရောက် ဆောင်ရွက်ပေးတဲ့အတွက် ကျေးရွာသားတွေအတွက် များစွာအကျိုးရှိပါတယ်” ဟု လောင်းချောင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ယင်း​အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကျောက်စာတိုင်ကျေးရွာ နှင့် ဂူတာပြင်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် ရွာချင်းဆက်လမ်းနှင့် ပျဉ်အမျိုးအစား တံတားသစ် တည်ဆောက်ရေး လုပ်ငန်းများကို AA နှင့် ဒေသခံများ စုပေါင်း ဆောင်ရွက်ခဲ့ကြပြီး ကျေးရွာအချင်းချင်း သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

ဒေသခံပြည်သူများ၏ လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ULA/AA နှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်သည့် အလားတူ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ