AB News – ဇွန် ၁၁၊ ၂၀၂၆
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသော အမျိုးသမီးနှင့် ကလေး သူငယ်အပါအဝင် ပြည်သူ ၂၀၀ ကျော် ကို တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း ရေပြာရဲစခန်းနှင့် ကုက္ကိုစုပျူစောထီးစခန်းကို ဒေသတွင်း မဟာမိတ်အင်အားစု တော်လှန်ညီနောင်များ စုစည်းပူးပေါင်း၍ “Operation Su” အဖြစ် ဖော်ဆောင်ပြီး တပြိုင်တည်း စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ လေကြောင်းပစ်ကူ အကြိမ်ရေ ၈၀ ထက်မနည်း ပစ်ကူပေးပြီး ခုခံခဲ့သော်လည်း တော်လှန်ရေးအင်အားစုများက တိုက်ပွဲဝင်ခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် ရေပြာ ရဲစခန်းနှင့် ဇွန်လ ၄ ရက်နေ့တွင် ကုက္ကိုစုပျူစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ဆင်ရေးအတွင်း လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်း ၅၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်အပြင် စစ်ကော်မရှင်တပ်မှ အတင်းအဓမ္မ လူသားတံတိုင်းအဖြစ် ခိုင်းစေခံခဲ့ရသည့် အမျိုးသမီးနှင့် ကလေး သူငယ်အပါအဝင် ပြည်သူ ၂၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။
ဤစစ်ဆင်ရေးအား မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် ပကဖ၊ KG တပ်ဖွဲ့၊ ပေါက်ပကဖတပ်ရင်း၊ BLY တပ်ဖွဲ့၊ မြိုင်ပကဖ၊ YRF တပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် ( ၂ /၆/၇/ ၁၂ /၁၄/၁၇ / ၁၈ ) တပ်ရင်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF)၊ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်းများ၊ ပခုက္ကူပကဖ၊ ကမ္မတပ်ပေါင်းစုနှင့် ပြည်သူ့လုံခြုံရေးအင်အားစု(ကမ္မ)၊ PLC တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု၊ PDO/PDA တပ်၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄၊ ပေါက်မြို့နယ် ဆေးတပ်ဖွဲ့၊ ပေါက်မြို့နယ် ပအဖ နှင့် တော်လှန်ပြည်သူများက စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ပခုက္ကူခရိုင်အတွင်း စစ်ရေးအခြေအနေများကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိဖြင့် နေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်ကို တွေ့ရှိရသည်။
ဓာတ်ပုံ – ကမ္မတပ်ပေါင်းစု(K.R.R.C)

