AB News – ဇွန် ၁၀၊ ၂၀၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အာရက္ခတပ်တော်(AA) ၏ မီးနဂါးစစ်ဒေသမှ ကျပ်သိန်း ၁၀၀ တိတိ ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) ထိန်းချုပ်ရာ နမ့်ခမ်းမြို့၊ ကောင်းတပ်ရပ်ကွက်အတွင်းရှိ မိုင်းတွင်းသုံး ယမ်းဂိုဒေါင်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှတစ်ဆင့် တစ်ရွာလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၄၃ ဦး သေဆုံးခဲ့ပြီး ၁၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် ၃၇ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
ထို့ပြင် ကျေးရွာအတွင်းရှိ နေအိမ်ပေါင်း ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း TNLA က ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
မဟာမိတ်ဖြစ်သည့် အာရက္ခတပ်တော် က ဤကဲ့သို့ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေသည့်အပြင် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ PSLF/TNLA အနေဖြင့်လည်း အထူးဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ကာ ဒေသခံများအား တောင်းပန်စကားဆိုခဲ့သည်။
လတ်တလောတွင် ကွယ်လွန်သူများအတွက် ရက်လည်တရားနာပွဲ ပြုလုပ်ပေးခဲ့ပြီး ထိခိုက်ခံစားခဲ့ရသည့် မိသားစုဝင်များထံသို့လည်း ကူညီထောက်ပံ့ငွေများ ပေးအပ်ထားကြောင်း သိရှိရသည်။
Photo – ကောင်းတပ်ကျေးရွာပြန်လည်ထူထောင်ရေးကော်မတီ



