
AB News – ဇွန် ၉၊ ၂၀၂၆
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ အာရက္ခထီ(လောင်ပေါ်)ဌာနခွဲများမှတစ်ဆင့် အာရက္ခထီစောင်များအား ဇွန်လ ၁ ရက်နေ့မှ စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုများအကြား ရေပန်စားကာ ဝယ်လိုအားမြင့်တက်ခဲ့ပြီး ယခုဇွန်လ ၉ ရက်နေ့တွင် ထီစောင်များ ပြတ်လပ်သွားပြီဖြစ်ကြောင်း သိရသည်။
အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် အာရက္ခထီစောင်များကို အခွန်ဦးစီး ဌာနမှ စတင်ရောင်းချ ပေးနေခြင်းဖြစ်ပြီး ဝယ်လိုအား မြင့်တက်လျက်ရှိနေကြောင်း မြောက်ဦးမြို့ခံတစ်ဦးက ဆိုသည်။
“မနေ့က ထီသွားဝယ်တာ ကုန်သွားပြီလို့ ပြောတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က တစ်ခေါက်သွားဝယ်တုန်းကလည်း လူတွေက ကြိတ်ကြိတ်တိုးနေလို့ တန်းစီပြီး စောင့်ခဲ့ရတယ်။ ပထမဆုံးဖွင့်လှစ်တဲ့ ထီဆိုတော့ ပြည်သူတွေက စိတ်ဝင်စားနေကြတယ်။ တစ်စောင်ကိုမှ ငွေ ၁၀၀၀ ကျပ်ဆိုတော့ ပြည်သူအကုန်လုံး ဝယ်နိုင်ကြတယ်လေ။ ထီလက်မှတ်တွေ ၂ သိန်း၊ ၃ သိန်းဖိုး အစောင်ရေ ၂၀၀၊ ၃၀၀ အထိ ဝယ်ထိုးကြသူတွေလည်း ရှိတယ်” ဟု ဆိုသည်။
အာရက္ခထီဖွင့်ပွဲများကို လစဉ် ၁ ရက်နေ့တိုင်း ကျင်းပသွားရန် လျာထားပြီး အွန်လိုင်း (Online) စနစ်အပြင် အခြားသော မီဒီယာများမှတစ်ဆင့် လစဉ် ထုတ်လွှင့်ပြသသွားမည်ဟု ထုတ်ပြန်ထားသည်။
ဆုကြေးငွေများအဖြစ် အမြင့်ဆုံးဆုဖြစ်သည့် ပထမဆု ကျပ်သိန်း ၅၀၀ (၁ ဆု)၊ ဒုတိယဆု ကျပ်သိန်း ၃၀၀ (၁ ဆု)၊ တတိယဆု ကျပ်သိန်း ၁၀၀ (၁ ဆု)၊ စတုတ္ထဆု ကျပ်သိန်း ၅၀ (၆ ဆု)၊ ပဉ္စမဆု ကျပ် ၁၀ သိန်း (၁၀ ဆု) နှင့် ဆဋ္ဌမဆု ကျပ် ၅ သိန်း (၂၀ ဆု) အပါအဝင် စုစုပေါင်း ဆုမဲအရေအတွက် ၃၉ ဆုအထိ ခွဲဝေချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အာရက္ခထီမှ ရရှိမည့် အခွန်ဘဏ္ဍာငွေများကို လမ်းတံတာ တည်ဆောက်ခြင်း၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ဒေသဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။