
AB News – ဇွန် ၉၊ ၂၀၂၆
စစ်ဘေးရှောင် ပြည်သူများကို ကူညီထောက်ပံ့ပေးနေသည့် ပရဟိတသမား စာရေးဆရာ ဝေဟင်အောင်၏ စစ်တွေမြို့ရှိ နေအိမ်ကို အာဏာသိမ်းအစိုးရလက်အောက်ခံ ရက္ခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အမိန့်ဖြင့် ယမန်နေ့ ဇွန်လ ၈ ရက်နေ့တွင် လာရောက်၍ ချိပ်ပိတ်သွားခဲ့ကြောင်း သတင်းရရှိသည်။
ဒေသတွင်းသတင်းရင်းမြစ်များ၏ အဆိုအရ ယမန်နေ့ ညနေ ၆ နာရီခန့်တွင် စစ်ကော်မရှင်တပ် ထိန်းချုပ်ထားသည့် စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်ရှိ စာရေးဆရာ ဝေဟင်အောင်၏ နေအိမ်သို့ စစ်ကော်မရှင်၏ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ချိပ်ပိတ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ရဲတပ်ဖွဲ့ဝင်များသည် နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ရှာဖွေမှုများလည်း ပြုလုပ်သွားခဲ့ကြောင်း သိရသည်။
စာရေးဆရာဝေဟင်အောင်၏ နေအိမ်သည် စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်၊ စစ်ကဲလမ်းတွင် တည်ရှိပြီး နေအိမ်မှာ ဆရာဝေဟင်အောင်တို့ ၏မိသားစုများ နေထိုင်ခြင်းမရှိဘဲ နှစ်နှင့်ချီကြာမြှင့်နေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်၏ ရဲတပ်ဖွဲ့က မည်သည့်အကြောင်းပြချက်ဖြင့် စာရေးဆရာ ဝေဟင်အောင်၏ နေအိမ်ကို လာရောက်ချိပ်ပိတ်သွားသည်ကိုမူ အသေးစိတ် မသိရသေးပေ။
ဓာတ်ပုံ – Wai Hun Aung