သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြစ်ခြေမြို့ မီးရှို့သတ်ဖြတ်မှုဖြစ်စဥ်တွင် ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများ ထပ်တွေ့၊ သတ်ဖြတ်ခံရသူ ၅၀ နီးပါးရှိလာ

AB News – ဇွန် ၈ ၊ ၂၀၂၆

ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့တွင် စစ်ကော်မရှင်တပ်၏ မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၅၀ နီးပါးရှိလာပြီး နေအိမ် ရာနှင့်ချီ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာရွာမှ ပျူစောထီးများနှင့် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ စစ်ကော်မရှင်စစ်ကြောင်းသည် မေလ ၉ ရက်နေ့မှ စတင်ကာ မြစ်ခြေမြို့ပေါ်နှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၀ ခုထက်မနည်းကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့သည်။

ဇွန်လ ၆ ရက်နေ့တွင် ဒေသခံများ မြစ်ခြေမြို့ပေါ်သို့ ပြန်လည်ဝင်ရောက်ပြီး မီးလောင်ပြင်ကို ရှင်းလင်းစဉ် မီးရှို့သတ်ဖြတ်ခံထားရသည့် ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့သည်။

​စစ်ကြောင်းထိုးစဉ်အတွင်း သတ်ဖြတ်ခံရသည့် မြစ်ခြေမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူ ၅၀ နီးပါး ရှိလာပြီဖြစ်ပြီး လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် မြစ်ခြေမြို့ပေါ်မှ ပခုက္ကူ တပ်မ ၁၀၁ သို့ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သည်။

မြို့ပေါ်တွင် စစ်ကော်မရှင်တပ် မရှိတော့သော်လည်း ထနောင်းကုန်းရပ်ကွက် အပါအဝင် အချို့နေရာများတွင် အလောင်းပုပ်နံ့များ နံနေဆဲဖြစ်ပြီး ဒေသခံများ ကြောက်လန့်နေသဖြင့် မြို့တွင်းရှင်းလင်းရေးလုပ်ငန်းများကို အပြည့်အဝ မလုပ်ဆောင်နိုင်သေးဘဲ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေကြသည်။

​မြစ်ခြေမြို့ပေါ်တွင် စစ်ကော်မရှင်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် စုစုပေါင်း ၅၂၀ မီးလောင်ပြာကျခဲ့ပြီး စစ်ကြောင်းဝင်ရောက်ခဲ့သည့် ထန်းတောချောက်၊ ညောင်ပင်၊ ဥယျာဉ်၊ နံဂတ်၊ မွန်းနံကုန်း၊ အင်းဝိုင်း၊ ကူကျွန်း၊ အိုင်ရှည်နှင့် သဖန်းပင် စသည့်ကျေးရွာများရှိ နေအိမ်ပျက်စီးမှု အရေအတွက်ကိုမူ လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးပေ။

Photo-Khit Thit

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ