သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆောမြို့ခံလူငယ်တစ်ဦးကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဖမ်းဆီး ရိုက်နှက်နေသည့် ရုပ်သံဖိုင် ပျံနှံ့နေ

AB News – မေ ၁၅၊ ၂၀၂၆

ဆောမြို့ခံလူငယ်တစ်ဦးကို စစ်ကြောင်းထိုးဝင်လာရောက်လာသည့် စစ်ကော်မရှင်တပ်သားများက ဖမ်းဆီးကာ ရိုက်နှက်ခြိမ်းခြောက်အနိုင်ကျင့်နေသော ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ​ပျံနှံ့လျှက်ရှိနေသည်။

ယမန်နေ့ မေလ ၁၄ ရက်နေက အဆိုပါ ဖမ်းဆီးထားသည့် လူငယ်အား ခြိမ်းခြောက်ရိုက်နှက်နေသော ရုပ်သံဖိုင်တစ်ခုကို စစ်ကော်မရှင်တပ်သားတစ်ဦးက ၎င်း၏ Tiktok စာမျက်နှာပေါ်တွင် မျှဝေလာခြင်းဖြစ်သည်။

အဆိုပါ ရုပ်သံဖိုင်တွင် ​မြို့ခံလူငယ်အား လက်ပြန်ကြိုးထုတ်ထားကာ လမ်းပေါ်တွင် တပ်သားများက အော်ဟစ်ပြောဆိုကာ ဝိုင်းဝန်းခြိမ်းခြောက်နေခြင်းများအပြင် ရိုက်နှက်နေခြင်းများလည်း ပါရှိသည်။

ထို့ပြင် ၎င်းလူငယ်က “ကျွန်တော် အဖွဲ့ထဲမှာ မပါပါဘူး၊ တကယ်မပါပါဘူး။ ကျနော့် အမေက စျေးထဲမှာ ငါးရောင်းစားပါတယ်။ ရေသန့်ဗူးရောင်းတဲ့ အဖွဲ့ပါ” ဟု ငိုယိုပြောဆိုနေမှုများပါဝင်ပြီး အနီးအနားရှိ စစ်ကော်မရှင်တပ်သားများက ဆက်တိုက်ခြိမ်းခြောက်ကာ ထိုးကြိတ်၊ ကန်ကျောက်မှုများ ပြုလုပ်ခဲ့ကြသည်။

အလားတူ ယမန်နေ့ မေလ ၁၄ ရက်နေ့တွင် စစ်ကော်မရှင်တပ်မှ ဆောမြို့ရှိ လူငယ်၊ လူလတ်ပိုင်းအပါအဝင် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။

စစ်ကော်မရှင်တပ်သည် ချင်းပြည်နယ်တောင်ပိုင်းနှင့် မကွေးတိုင်းအစပ်ရှိ ဆောမြို့နယ်ကို စစ်အင်အားအလုံးအရင်ဖြည့်ခြင်းအပါအဝင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ