AB News – မေ ၁၃၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသ (Chittagong Hill Tracts) တွင် လုံခြုံရေးအခြေအနေ ဆိုးရွားလာမှုနှင့်အတူ မြေပြန့်ဒေသမှ ရွှေ့ပြောင်းအခြေချလာကြသည့် မူဆလင်များ၏ ဖိနှိပ်ခြိမ်းခြောက်မှုများကြောင့် မူဆလင်မဟုတ်သည့် ဒေသခံမျိုးနွယ်စုဝင်များမှာ ရက္ခိုင်ပြည်နှင့် ချင်းပြည်နယ်ဘက်သို့ တိမ်းရှောင်ခိုလှုံနေကြရကြောင်း The Diplomat သတင်းဌာနက မေလ ၁၂ ရက်နေ့တွင် ဖော်ပြသည်။
စစ်တကောင်းတောင်တန်းဒေသတွင် ဒေသခံမျိုးနွယ်စု ၁၁ စု နေထိုင်လျက်ရှိပြီး လူဦးရေ ၈ သိန်းကျော်ခန့် ရှိကာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာဝင်များဖြစ်ကြောင်း သိရသည်။
ဒေသခံမျိုးနွယ်စုများမှာ နှစ်ပေါင်းများစွာ ဖိအားပေးမှုများ၊ မြေယာကျူးကျော်မှုများနှင့် လုံခြုံရေးကင်းမဲ့မှုများကို ကြုံတွေ့နေရပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှ ထိရောက်သည့် အကာအကွယ် မရရှိကြောင်း ပြောဆိုထားသည်။
ဘန်ဒါဘန်ခရိုင်၊ လာမာကျေးရွာမှ ဦးထွေးစိန်မောင် က ၎င်း၏ မိသားစုသည် ၂၀၁၄ ခုနှစ်အတွင်း ရက္ခိုင်ပြည်ဘက်သို့ ပြောင်းရွှေ့လာခဲ့ကြောင်း ပြောသည်။
“ကျနော်တို့ လယ်မြေတွေထဲကို ကျူးကျော်ဝင်လာပြီး စပါးခင်းတွေကို မီးရှို့တယ်။ စိုက်ပျိုးခွင့်မပေးဘူး။ ရဲစခန်းကို သွားတိုင်ပေမယ့် အရေးယူပေးတာ မရှိဘူး” ဟု ၎င်းက ဆိုသည်။
ဦးထွေးစိန်မောင် မိသားစုနှင့်အတူ အခြားအိမ်ထောင်စု ၁၆ စုမှာလည်း ပိုင်ဆိုင်မှုများ ရောင်းချကာ ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်ဘက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ်တွင် နေထိုင်နေသည့် ဦးမောင်ကျော်ဆန်းကလည်း “စစ်ပွဲတွေရှိပေမယ့် အနည်းဆုံးတော့ ဘေးကင်းတယ်” ဟု ပြောဆိုထားပြီး ၎င်းတို့အနေဖြင့် လက်လုပ်လက်စားဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြောင်း ဆိုသည်။
ထို့အပြင် စစ်တကောင်းတောင်တန်းဒေသတွင် ကလေးငယ်များ ပျောက်ဆုံးမှုများနှင့် အမျိုးသမီးငယ်များ အတင်းအကျပ် လက်ထပ်ခံရမှုများလည်း ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောဆိုထားသည်။
ရန်ဂါမတီခရိုင်မှ ဒေါ်သာနုစိန်က “သူမရဲ့ အသက် ၁၆ နှစ်အရွယ် တူမအပါအဝင် မိန်းကလေးငယ်တွေ ပျောက်ဆုံးခဲ့ပြီး နောက်ပိုင်းမှာ မွတ်ဆလင်အမျိုးသားတွေနဲ့ အတင်းအကျပ် လက်ထပ်ခြင်း ခံခဲ့ရတယ်” ဟု ဆိုထားသည်။
၂၀၂၂ ခုနှစ်အတွင်း စစ်တကောင်းတောင်တန်းဒေသမှ အိမ်ထောင်စုအချို့မှာ ချင်းပြည်နှင့် မီဇိုရမ်နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ဒေသခံများကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက KCNF (Kuki Chin National Front – KCNF) အဖွဲ့နှင့် ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
စစ်တကောင်းတောင်တန်းဒေသရှိ လူမျိုးစုများမှာ မြေယာပြဿနာ၊ လက်နက်ကိုင်ပဋိပက္ခနှင့် လုံခြုံရေးကင်းမဲ့မှုများကြားတွင် နေထိုင်နေရပြီး ဘေးကင်းလုံခြုံမှုအတွက် ရက္ခိုင်နှင့် ချင်းပြည်ဘက်သို့ ရွှေ့ပြောင်းနေထိုင်မှုများ ဆက်လက်များပြားလာနေကြောင်း သိရသည်။
The Diplomat မဂ္ဂဇင်း ၏ ဖော်ပြချက်အရ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း စစ်တကောင်းတောင်တန်းဒေသမှ လူပေါင်း နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။
Ref: Ethnic Groups Are Fleeing Bangladesh’s Chittagong Hill Tracts in Search of Safety in Myanmar(The Diplomat)

