
AB News – မေ ၃၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများထဲမှ မျက်စိဝေဒနာရှင်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ ခွဲစိတ်ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ကျန်းမာရေးဌာနသည် မျက်စိရောဂါခံစားနေရသည့် စစ်ဘေးရှောင်ပြည်သူ ၂၀၀ ဝန်းကျင်ကို ကနဦး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပြီးနောက် ဧပြီလ ပထမပတ်အတွင်း ဝေဒနာရှင် ၂၇ ဦးကို အခမဲ့ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
“အခုလို စစ်ရေးကာလ ခက်ခဲကျပ်တည်းနေတဲ့အချိန်မှာ မျက်စိကုသဖို့ဆိုတာ ကျနော်တို့အတွက် မဖြစ်နိုင်တဲ့အလုပ်ပါ။ အခုတော့ သွားလာရေးကအစ စားဝတ်နေရေးအထိ အစိုးရက တာဝန်ယူပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်” ဟု မျက်စိခွဲစိတ်မှုခံယူခဲ့သည့် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနာသည် ရက္ခိုင်ပြည်တွင်းက စစ်ဘေးရှောင် မျက်စိဝေဒနာရှင်များအား ဆေးရုံသို့ အခမဲ့ကြိုပို့ပေးခြင်း၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်ရေးအစီအစဉ်များ ဆောင်ရွက်ပေးခြင်း ဆေးဖိုးဝါးခနှင့် ခွဲစိတ်စရိတ်အားလုံးကို ကျခံခဲ့ကြောင်း သိရသည်။
ယခင်က အုပ်ချုပ်ရေးဌာနများနှင့် ချိတ်ဆက်ကာ သတ်မှတ်ဆုံရပ်များတွင်သာ ကုသမှုပေးခဲ့သော်လည်း ယခုအခါ ဝေးလံသည့်နေရာများအထိ ရွှေ့လျား (Mobile) စနစ်ဖြင့် လိုက်လံကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် မျက်စိခွဲစိတ်မှုများအပြင် ကာကွယ်ဆေးထိုးခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု၊ ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အခြေခံဆေးကုသမှုလုပ်ငန်းများကိုလည်း တိုက်ပွဲများကြားမှ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ရန်ကုန်နှင့် အခြားမြို့ကြီးများရှိ ပြည်သူ့ဆေးရုံများတွင် ကုသမှုရယူရန် ခက်ခဲနေချိန်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကျန်းမာရေးယန္တရားက စစ်ဘေးသင့်ပြည်သူများအတွက် အားထားရာ ဖြစ်နေသည်။
ဓာတ်ပုံ – Narinjara