သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
​မောင်တောတွင် (၄) ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနား ကျင်းပ

AB News – မေ ၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် (၄) ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း Arakan Bay News ကကွင်းဆင်း​ တွေ့ရသည်။

အဆိုပါ အခမ်းအနားကို သက်လူမျိုးစု ရေးရာကော်မတီက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပွဲတော်ဖြစ်မြောက်ရေးအတွက် ULA/AA မှထောက်ပံ့ငွေ ကျပ်သိန်း (၇၀) တိတိ ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ သက်လူမျိုးစုခေါင်းဆောင်များ၊ ULA/AA ခရိုင်အဆင့် ပါတီ ခေါင်းဆောင်များ၊ အာရက္ခတပ်တော် (AA) မှ စစ်ဘက်၊ အရပ်ဘက် ခေါင်းဆောင်များနှင့် ဒေသခံပြည်သူ ရာနှင့်ချီ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အာရက္ခတပ်တော် (AA) မှ တာဝန်ရှိသူများက သက်လူမျိုးများ၏ အမျိုးသားနေ့အတွက် ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြပြီး၊ လူမျိုးစုအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းပြောကြားခဲ့သည်။

ပွဲဖြစ်မြောက်ရေးတာဝန်ခံ ဦးကျော်အေးမောင်က “မေလ ၁ ရက်နေ့ကို သက်အမျိုးသားနေ့အဖြစ် သတ်မှတ်ထားတာပါ။ ကျနော်တို့ရဲ့ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ စာပေ၊ ရိုးရာဓလေ့နဲ့ ထုံးတမ်းစဉ်လာတွေကို ပြန်လည်ဖော်ထုတ်ဖို့အတွက် အခုလို ကျင်းပရတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

သက်လူမျိုးများသည် တစ်နှစ်ပတ်လုံး၏ ကျန်ရှိသောလများတွင် တောင်ယာလုပ်ငန်းများကို အချိန်ပြည့် လုပ်ကိုင်ကြရပြီး၊ ဧပြီလ ရောက်မှသာ တောင်ယာအလုပ်များနားကာ မိသားစုများ ပြန်လည်စုံစည်းခွင့် ရကြခြင်းဖြစ်သည်။

ယခုကဲ့သို့ အလုပ်နားသည့် နွေရာသီကာလတွင်မှ မိမိတို့နေအိမ်နှင့် ၁၀ မိုင်၊ ၁၅ မိုင်ခန့်အထိ ဝေးကွာသည့် လုပ်ငန်းခွင်များမှ ပြန်လာကြပြီး ပျော်ပွဲရွှင်ပွဲများနှင့် အမျိုးသားနေ့ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြခြင်းဖြစ်သည်။

အခမ်းအနားတွင် သက်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး သက်လူမျိုးခေါင်းဆောင်များက သက်အမျိုးသားနေ့ ပေါ်ပေါက်လာပုံနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည့်အချက်များကို ဟောပြောခဲ့ကြသည်။

တက်ရောက်လာသူများကိုလည်း သက်လူမျိုးတို့၏ ရိုးရာအစားအစာများဖြင့် တည့်ခင်းဧည့်ခံ ကျွေးမွေးခဲ့သည်။

ထို့အပြင် အခမ်းအနားတစ်လျှောက်လုံး ဘေးအန္တရာယ်ကင်းရှင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် အာရက္ခတပ်တော် (AA) မှ လုံခြုံရေး တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း တွေ့ရှိရသည်။

ယခုကဲ့သို့ အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ နယ်မြေအတွင်း လူနည်းစုမျိုးနွယ်စုများ၏ အမျိုးသားနေ့ အခမ်းအနားများကို မည်သည့်ကန့်သတ်ချက်မျှမရှိဘဲ လွတ်လပ်ခွင့်ရရှိထားသည့်အတွက် မိမိတို့၏ ရိုးရာယဉ်ကျေးမှုနှင့် စာပေကဏ္ဍများကို ပိုမိုဖော်ထုတ်ခွင့် ရလာခြင်းဖြစ်ကြောင်းလည်း တက်ရောက်လာသည့် လူမျိုးစုခေါင်းဆောင်များက ဆိုသည်။

လက်ရှိ Arakan Bay News မှ ကောက်ယူထားသော စာရင်းဇယားများအရ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် သက်လူမျိုး အိမ်ထောင်စု (၄၀၀) ကျော်၊ လူဦးရေ (၁,၁၈၀) ကျော် နေထိုင်လျက်ရှိပြီး၊ ရက္ခိုင်ပြည်တစ်ဝန်းလုံးတွင် သက်လူမျိုး အိမ်ထောင်စု (၈၄၀) ကျော်နှင့် လူဦးရေ စုစုပေါင်း (၂,၀၃၀) ကျော် ရှိကြောင်း သိရသည်။

Photo – Hein Tun/ AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ