AB News – ဧပြီ ၂၆၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရက္ခိုင်ပြည်၊ စစ်တွေမြို့သို့ ဆေးခြောက်များ တရားမဝင် တင်ဆောင်လာသည့် စက်လှေနှစ်စီးနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ဦးကို အာရက္ခတပ်တော် (AA) ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်၊ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နှင့် ချိန်ခါလီကျေးရွာကြား ပင်လယ်ကမ်းစပ်၌ စက်ပျက်၍ ကျောက်ချထားသော စက်လှေတစ်စီးကို ကမ်းခြေစောင့်တပ်ဖွဲ့က စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
အဆိုပါစက်လှေပေါ်တွင် လိုက်ပါလာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဆေးခြောက်များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထို့နောက် မွန်းလွဲ ၂ နာရီ ၁၈ မိနစ်ခန့်တွင် အဆိုပါစက်ပျက်နေသည့်လှေကို လာရောက်တွဲယူသည့် နောက်ထပ်စက်လှေတစ်စီးကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါစက်လှေမှ ဆေးခြောက် (3kg) ၃ ထုပ်၊ (2kg) ၃ ထုပ်၊ (1kg) ၁၇ ထုပ် စုစုပေါင်း ဆေးခြောက် ၂၃ ထုပ်၊ အရေပြားရောဂါ လိမ်းဆေး ၂ အိတ်၊ သန္ဓေသားတားဆေး ၂ အိတ်၊ ဖုန်း ၄ လုံးနှင့် တာကာငွေ ၅၀၀ တို့ကို သိမ်းဆည်းရမိကြောင်းဆိုသည်။
လက်ရှိတွင် ဖမ်းဆီးရမိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ဦး၊ ဆေးခြောက်များနှင့် စက်လှေများကို အာရက္ခတပ်တော်က ထိန်းသိမ်းထားပြီး ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။
Photo – အာရက္ခမင်းသမီး မီဒီယာ


