
AB News – ဧပြီ ၃၊ ၂ဝ၂၆
ရက္ခိုင်ပြည်၊ ပေါက်တောနှင့် ကျောက်တော်မြိုတို့တွင် ဆရာဝန်အယောင်ဆောင်ကာ ဆေးကုသနေသူ ၂ ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဌာန (DLEPS) နှင့် မြိုနယ်ပြည်သူ့ကျန်းမာရေးဌာများအပါအဝင် ဌာနဆိုင်ရာများက ပူးပေါင်း၍ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ ၂ ဦးမှာ ပေါက်တောမြို၊ ဘဝမ်းရပ်ကွက်၌ “ငြိမ်း” နာမည်ဖြင့် ဆေးခန်း ဖွင့်လှစ်ထားသူ ဦးမောင်သန်းဦးနှင့် ကျောက်တော်မြိုနယ်၊ သာစည်ကျေးရွာ၌ “ရွှေနဒီ ” နာမည်ဖြင့် ဆေးခန်းဖွင့်လှစ်ထားသူ ဦးမြတ်မင်းသူ တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးခန်းဖွင့်လှစ်ထားသူ ၂ ဦးမှာ ဆရာဝန်မဟုတ်ဘဲ ပြည်သူများအား လိမ် လည်လှည့်ဖြားကာ ဆေးကုသမှုလုပ်ဆောင်နေကြောင်း တိုင်ကြားချက်ရသည့်အတွက် မြိုနယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြိုနယ်အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ပူးပေါင်း၍ DLEPS ဌာနက သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုကြသည်။
ထိုနောက် ၎င်းတို ၂ ဦးအား စုံစမ်းစစ်ဆေးရာ မှန်ကန်သည့်အတွက် ဆေးခန်းများအား (ချက်ချင်း) ပိတ်ထားခဲ့ပြီး နောင်ထပ် အဆိုပါလုပ်ရပ်မျိုးမကျူးလွန်ရန် ခံဝန်ကတိလက်မှတ်များ ရေးထိုးစေကာ ကတိကဝတ်အား ဖောက်ဖျက်ပါက တည်ဆဲဥပဒေ နှင့်အညီ အရေးယူသွားမည်ဟု သိရသည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာန(AHD) မှလည်း ပြည်သူများ ဘေးအန္တရာယ်ကင်း ကင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးအတွက် အယောင်ဆောင် ဆေးကု သမှုများကို ဆက်လက်ကြပ်မက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။