AB News – မတ် ၂၄၊ ၂၀၂၆
ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေများကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၆ ဆောင်ပျက်စီးခဲ့ကြောင်း ယနေ့တွင် KNU က ဆိုထားသည်။
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်တို့ကို စကမ က ဒရုန်း နှင့် Y-12 အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် စကမ မှ လယ်ဒိုမြို့နယ်ရှိ ဒလဆိပ်ကျေးရွာထဲသို့ Y-12 ဖြင့် လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့သောကြောင့် နေအိမ်တစ်ဆောင် ဗုံးစထိမှန်ပျက်စီးခဲ့ရသည်။
မတ်လ ၂၁ ရက်နေ့တွင်လည်း စကမမှ လယ်ဒိုမြို့နယ်၊ ရွှေခါးမိုကျေးရွာတွင်းသို့ ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၁ ဆောင် ပျက်စီးခဲ့ရသည်။ ယင်းအပြင် မတ်လ ၂၁ ရက်နေ့ ဆောထိမြို့နယ်၊ ရွှေခဲစုကျေးရွာကို Y-12 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ မတ်လ ၁၉ ရက်နေ့တွင်လည်း စကမ မှလယ်ဒိုမြို့နယ်မှ ဖိုးတကျေးရွာ နှင့် ရွှေတဲစုကျေးရွာတို့ကို ဒရုန်းဖြင့် ၉ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၁၄ ဆောင် ဗုံးစံထိမှန်ခဲ့ရသည်။
ထို့အပြင် စကမ မှ ခလယ်လွီထူခရိုင်ကို မတ်လ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၂ ရက်အတွင်း အပြစ်မဲ့အရပ်သားပြည်သူများရှိရာ နေရာများသို့ Y-12 ဖြင့် ၂၃ ကြိမ် နှင့် ၁၂၀ မမ လက်နက်ကြီးဖြင့် အကြိမ် ၃၀၊ ဒရုန်းဖြင့် ၄ ကြိမ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူပိုင်နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။





