သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်တွင် စစ်ကော်မရှင် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း နှင့် ခဲယမ်း ၂၀၀ ကျော်ကို AA ရှင်းလင်း

AB News – မတ် ၂၀၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်အတွင်း အာရက္ခတပ်တော် (AA) က မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အာဏာသိမ်း စစ်ကော်မရှင်တပ်များ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းနှင့် ခဲယမ်းအလုံးရေ ၂၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော်၏ မိုင်းရှင်းလင်းရေးအဖွဲ့သည် မတ်လ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ၃ ရက်တာအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ စုစုပေါင်း မိုင်းနှင့် ဗုံးသီး ၂၁၀ လုံးကို တူးဖော်ရရှိခဲ့ခြင်းဖြစ်သည်။

၎င်းတို့ထဲတွင် M14 အမျိုးအစား မြေမြှုပ်မိုင်း ၁၉၆ လုံး၊ RPG-7 ဗုံးသီး ၄ လုံးနှင့် ၆၀ မမ ဗုံးသီး ၁၀ လုံးတို့ ပါဝင်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ မိုင်းနှင့် စစ်ကျန်ခဲယမ်းများကို ရသေ့တောင်မြို့နယ်အတွင်းရှိ ယခင် စစ်ကော်မရှင် တပ်ရင်းများနှင့် တပ်စခန်းဟောင်းများအနီး၊ အများပြည်သူသုံး ကားလမ်းမဘေး၊ ဒေသခံများနေထိုင်ရာ ကျေးရွာဝန်းကျင်များနှင့် လယ်ကွင်းများအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရသေ့တောင် မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ တပ်စွဲခဲ့သည့်နေရာများတွင် အဓိကတွေ့ရှိရခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းကလည်း ရသေ့တောင်မြို့နယ် အတွင်းမှ မိုင်းအလုံးရေ ၂၆၂ လုံးကို အာရက္ခတပ်တော်က ရှင်းလင်းနိုင်ခဲ့သည်။

အာဏာသိမ်း စစ်ကော်မရှင် တပ်သည် တိုက်ပွဲများအတွင်း မြို့ရွာများနှင့် ၎င်းတို့စွန့်ခွာခဲ့သည့် စခန်းများတွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည့်အပြင် စစ်ကျန် လက်နက်များကိုလည်း မဆင်မခြင် စွန့်ပစ်ထားခဲ့သည်ကို တွေ့ရသည်။

လက်ရှိတွင် အာရက္ခတပ်တော်၏ မိုင်းရှင်းလင်းရေးတပ်ဖွဲ့များသည် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနေထိုင်နိုင်ရေးအတွက် တိုက်ပွဲပြင်းထန်ခဲ့သည့် နေရာများကို ဦးစားပေးကာ နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

Photo – APM

AB_News #ArakanArmy #AA #Rathedaung #LandmineClearance #RakhineState #UXO #M14Mine #PublicSafety #ArakanNews

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ