
AB News – ဖေဖော်ဝါရီ ၂၄ ၊၂၀၂၆
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကော်မရှင်တပ်က စက်တပ်လေထီး (Para-motor) များ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၉ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှ တက်လာသည့် စစ်ကော်မရှင်၏ စက်တပ်လေထီး ၂ စီးသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ ည ၇ နာရီခန့်တွင် မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ကျေးရွာအတွင်းသို့ အလစ်အငိုက် ဝင်ရောက်ဗုံးကြဲခဲ့ရာ ပြည်သူများ စုဝေးရာနေရာတွင် တည့်တည့်ကျရောက်ခဲ့ပြီး စုစုပေါင်း ၉ ဦး သေဆုံးခဲ့ကာ ယင်းအထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ် ၂ ဦး ပါဝင်သည်။
ယင်းအပြင် ဒဏ်ရာရရှိသူ ၅ ဦးအနက် အချို့မှာ ပြင်းထန်ဒဏ်ရာများရရှိထားသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိသည်။
အဆိုပါဗုံးသီးများသည် ကျေးရွာအတွင်းရှိ Starlink အင်တာနက်ဆိုင်နှင့် ဆီကြိတ်စက်၊ ပဲခွဲစက် များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
မြင်းမူမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “မနေ့ည ၇ နာရီလောက်မှာ နမခ ကနေ လေထီး ၂ စီးနဲ့ လာကြဲသွားတာပါ။ အင်တာနက်ဆိုင်နဲ့ စက်ရုံတွေပေါ် ကျတာဆိုတော့ လူအထိအခိုက် များသွားတာပါ။ လူကြီး ၇ ဦးနဲ့ ကလေး ၂ ဦး သေဆုံးသွားတယ်” ဟု အတည်ပြု ပြောကြားသည်။
စစ်ကော်မရှင်သည် နောက်ပိုင်းတွင် လေယာဉ်ကြီးများထက် ကုန်ကျစရိတ်သက်သာသည့် စက်တပ်လေထီး (Para-motor) များကိုသာ အသုံးပြုကာ အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာနေကြောင်း စစ်ရေးလေ့လာသူများက ထောက်ပြနေကြသည်။