
AB News – ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ရှိ ဆေးရုံ၊ ရဲစခန်းဟောင်းအပါအဝင် ဈေးတို့ကို စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများပြားကြောင်း ဒေသခံများက ဆိုကြသည်။
လေးတောင်မြို့၊ သရက်ချိုကျေးရွာရှိ ဆေးရုံ၊ ရဲစခန်းဟောင်းနှင့် ဈေးတို့ကို စစ်ကော်မရှင်က ယနေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့ခံတစ်ဦးက AB News သို့ ပြောသည်။
“လေးတောင်မြို့နယ်က ဆေးရုံ၊ ဈေးနဲ့ ရဲစခန်းဟောင်း ဗုံးကြဲတိုက်ခိုက်ခံရတာပါ။ ဗုံးစ ထိမှန်လို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေတော့ အများကြီး ရှိပါတယ်” ဟု ဆိုသည်။
လေးတောင်မြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိသူများနှင့် ပတ်သတ်၍ အသေးစိပ် အချက်အလက်များကို မသိရသေးပေ။
စစ်ကော်မရှင်လေတပ်က ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်လည်း ကျောက်ဖြူမြိုနယ်၊ မိကျောင်းရေသောက်ကျေးရွာကို စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။