AB News – ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆
Marlar Win
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက် (ဆီဆိုင်ကွင်းဟောင်းအနီး)တွင် ဖေဖော်ဝါရီလ ၁၂ ရက်၊ ည ၉ နာရီ၊ ၁၁ မိနစ်အချိန်ခန့်တွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ညအချိန်၌ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ULA/AA က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် စစ်ကော်မရှင်တပ်သည် ည ၉ နာရီ၊ ၂၀ မိနစ် အချိန်ခန့်တွင်လည်း မြောက်ဦးမြို့၊ အလယ်စျေးရပ်ကွက် စစ်ဘေးရှောင်များနေထိုင်သည့် နေရာသို့ လေကြောင်းမှ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးငယ်တစ်ဦးနှင့် ၎င်း၏ မိဘနှစ်ဦးစလုံးပါ ယင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။
ထို့အပြင် အပြစ်မဲ့ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ယခုရက်များအတွင်း ရက္ခိုင်ပြည်အား ဂျက်တိုက်လေယာဉ် ၂ စီး(၂ စီးအထက်)နှင့် ကင်းထောက် လေယာဉ်များကို တစ်ပြိုင်တည်းသုံးကာ လေကြောင်း တိုက်ခိုက်မှုများကို ယခင်ကထက် ပိုမိုပြုလုပ် လာသောကြောင့် ပြည်သူများအနေဖြင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်း၊ ရေကြောင်းရန်များကို ပိုမို သတိရှိကြရန် ထပ်မံအသိ ပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


