
AB News – ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းက ကျေးရွာ ၁၂ ရွာအား မီးရှိုးဖျက်စီးခဲ့ပြီး အမျိုးသမီး ၄ ဦးအားလည်း အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
အင်အား ၅၀၀ ကျော်ခန့်ပါရှိသော စစ်တပ်စစ်ကြောင်းသည် ယခုလဆန်းပိုင်းမှစတင်ကာ နွားထိုးကြီးမြို့နယ်ထဲရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ခဲ့ခြင်း ဖြစ်သည်။
စစ်တပ် မီးရှို့ဖျက်စီးခဲ့သည့် ကျေးရွာများမှာ နွားထိုးကြီးမြို့နယ် မြောက်ပိုင်းရှိ မင်းရွာ၊ ကြာကန်၊ ခံစပ်ကုန်းအရှေ့ရွာနှင့် အနောက်ရွာ၊ ကုက္ကိုလ်ကုန်း၊ ငှက်ပျောအိုင်၊ ကဒေါင်း၊ သာပေါင်း၊ ညောင်ဇင်၊ ဝက်လူး၊ ကျွန်းဒေါင့်နှင့် မြဝတီ တို့ဖြစ်သည်။
ထို့အပြင် မင်းရွာမှ အမျိုးသမီး ၁ ဦးနှင့် မြဝတီကျေးရွာမှ အမျိုးသမီး ၃ ဦးအား စစ်တပ်မှ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကော်မရှင် စစ်ကြောင်းသည် နွားထိုးကြီးမြို့နယ်ထဲတွင် ရွာစဥ်ပတ်၍ မီးရှို့နေသည့်အတွက် ကျေးရွာပေါင်း ၄၀ ကျော်မှ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။