
AB News – ဖေဖော်ဝါရီ ၉၊ ၂၀၂၆
စကမ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရသည့် လူမျိုးပေါင်းစုံ ဆေးကုသမှုခံယူနေသော မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီး ပြန်လည်တည်ဆောက်ရေးအတွက် မောင်တောမြို့ မူဆလင်ပြည်သူများမှ ငွေကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါအလှူငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မြောက်ဦးခရိုင်အတွင်း ကျင်းပခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးဌာန အကြီးအကဲများ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူများ၊ မောင်တောခရိုင်မှ မူဆလင်ဘာသာရေးခေါင်းဆောင်များ၊ မောင်တောဂျူရီလူကြီးများနှင့် ဒေသခံမူဆလင်ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး အလှူငွေ သိန်း ၅၀၀ ကျပ်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြောက်ဦး၊ ကျောက်တော်မှ မူဆလင်ဘာသာရေးခေါင်းဆောင်များမှလည်း မြောက်ဦးပြည်သူ့ဆေးရုံပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေများ ထောက်ပံ့ရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။
စစ်ကော်မရှင်တပ်သည် ပြည်သူများ ဆေးကုသမှုခံယူနေသော မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဗုံးကြဲတိုက်ခိုက်မှုအတွင်း အပြစ်မဲ့ကလေးငယ်နှင့် လူနာများအပါအဝင် အရပ်သားပြည်သူ ၃၃ ဦး သေဆုံးခဲ့ရပြီး ၇၆ ဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြရသည့်အပြင် ဆေးရုံကြီးမှာလည်း ပျက်စီးသွားခဲ့ရသည်။