AB News – ဖေဖော်ဝါရီ ၈ ၊၂၀၂၆
မြောက်ဦးမြို့တွင်း တစ်နေရာ၌ မြောက်ဦးခေတ်သုံးရှေးဟောင်း ရတနာပစ္စည်းအချို့နန့် ငွေဒင်္ဂါးပြားများ တွေ့ရှိခဲ့သည့် ကလေး၄ ဦးကို ULA/AAမှ တစ်ဦးလျှင် ငွေကျပ် ၇၅ သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်း အခမ်းအနားကို မြောက်ဦးမြို့အတွင်း ကျင်းပခဲ့ပြီး ၎င်းအခမ်းအနားသို့ ULA/AA မှ သက်ဆိုင်ရာ အကြီးအကဲများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှေးဟောင်းသုတေသန ကျွမ်းကျင်သူများ၊ရပ်မိရပ်ဖများနှင့် ဆုချီးမြှင့် ခံရသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြောက်ဦးခေတ်သုံး ရှေးဟောင်း ရတနာပစ္စည်းတချို့နန့် ငွေဒင်္ဂါးပြား ၁၅၀ ကျော်အား တွေ့ရှိခဲ့သူများမှာ မောင်စိုးအောင်မင်း ၁၃ နှစ်၊ မောင်သုခအောင် ၁၂ နှစ်၊ မောင်ကျော်စိုးလင်း ၁၃ နှစ် နှင့် မောင် ဖြိုးမြတ်ဦး ၁၃ နှစ် တို့ဖြစ်ကြသည်။
မြောက်ဦးခေတ် ရက္ခိုင် ဘုရင်များလက်ထက်က သုံးစွဲခဲ့သည့် ရှေးဟောင်း ရတနာပစ္စည်းအချို့နှင့် ငွေဒင်္ဂါးပြား ၁၅၀ ကျော်ကို အပ်နှံခဲ့သည့်အတွက် ULA/AAမှ မောင်စိုးအောင်မင်း၊ မောင်သုခအောင်၊ မောင် ကျော်စိုးလင်းနှင့် မောင်ဖြိုးမြတ်ဦးဦးတို့အား တစ်ဦးလျှင် ကျပ်ငွေ ၇၅ သိန်းနှင့် ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တွေ့ရှိခဲ့သည့် ငွေဒင်္ဂါးပြားများမှာ ရက္ခိုင်သက္ကရာဇ် ၁၀၀၀ ခုနှစ်တွင် ဆင်ဖြူသခင်၊ ဆင်နီသခင် နရပတိကြီး လက်ထက်တွင် သုံးစွဲခဲ့သည့် ငွေဒင်္ဂါးပြား ၂၃ ပြား၊ ရက္ခိုင်သက္ကရာဇ် ၁၀၀၇ ခုနှစ်တွင် ဆင်ဖြူသခင်၊ ဆင်နီသခင် သတိုးမင်းတရား လက်ထက်တွင် သုံးစွဲခဲ့သည့် ငွေဒင်္ဂါးပြား ၆၆ ပြား၊ ရက္ခိုင်သက္ကရာဇ် ၁၀၁၄ ခုနှစ်ခန့်မှ ရွှေနန်းသခင် စန္ဒသုဓမ္မရာဇာ လက်ထက်တွင် သုံးစွဲခဲ့သည့် ငွေဒင်္ဂါးပြား ၄၁ ပြား ၊ ရက္ခိုင်သက္ကရာဇ် ၁၀၄၇ ခုနှစ်မှ ရွှေနန်းသခင် ဝရဓမ္မရာဇာ မင်းလက်ထက်တွင် သုံးစွဲခဲ့သည့် ငွေဒင်္ဂါးပြား ၁ ပြား ၊ ပျက်စီးနေသည့် ငွေဒင်္ဂါးပြား ၁ ပြား နန့် ရှေးဟောင်းရတနာ ပစ္စည်းများဖြစ်သည့် အချင်း ၁ လက်မခန့်ရှိ ကျောက်စိမ်း ၁ တုံး ၊ လက်စွပ် ၄ ကွင်း၊ ရွှေချောင်း ၁ ခုနှင့် ရွှေအပိုင်းအစများဖြစ်ကြောင်း သိရသည်။


