သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပွိုင့် ၆၆၆ စခန်းကုန်းကို အာရက္ခတပ်တော် အပြီးသတ် သိမ်းပိုက်

AB News- ဇန်နဝါရီ ၃၀၊ ၂၀၂၆

ပန်းတောင်းမြို့နယ်ရှိ ပွိုင့် ၆၆၆ စခန်းကုန်းကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် ကပစ (၁၆) လက်အောက်ရှိ ပွိုင့် ၆၆၆ စခန်းကုန်းကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်၊ ညနေ ၆ နာရီဝန်းကျင်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော်၏ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက AB News သို့ အတည်ပြုပြောကြားခဲ့သည်။

စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းအသုံးပြု၍ အပြင်းအထန် ခုခံခဲ့သော်လည်း AA နှင့် မဟာမိတ်တပ်ဖွဲ့များက ဝိုင်းပိတ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆိုသည်။

၎င်းက “စကမ ဘက်က စခန်းကုန်းမကျရှုံးဖို့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်စွာ လုပ်နေပေမယ့် ကျွန်တော်တို့ဘက်က အာရက္ခစစ်သည်တော်တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ တက်ကြွစွာ တိုက်ခိုက်ပြီး စခန်းကို ထိန်းချုပ်နိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ပွိုင့် ၆၆၆ စခန်းကုန်းအား ယခင်က AA ဘက်မှ သိမ်းပိုက်ခဲ့သော်လည်း စစ်ရေးအခြေအနေများနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် ယာယီဆုတ်ခွာခဲ့ရပြီး ထိုကာလအတွင်း စစ်ကော်မရှင်တပ်က ပြန်လည် ဝင်ရောက်နေရာယူထားသည့် စခန်းဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် တိုက်ပွဲတွင် စစ်ကော်မရှင်တပ်သားများ အကျအဆုံးများစွာခဲ့ပြီး အချို့မှာ စခန်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း အာရက္ခတပ်တော်(AA)၏ တာဝန်ရှိသူများက ဆက်လက် ပြောကြားထားသည်။

ထို့အပြင် စခန်းအတွင်းမှ စစ်သားအလောင်းအချို့နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း ဆိုသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ ပွိုင့် ၆၆၆ စခန်းကုန်းတွင် စစ်ကော်မရှင်တပ်သား ၂၀၀ မှ ၃၀၀ ခန့်အထိ ရှိနိုင်ပြီး အများစုမှာ ရှေ့တန်းသို့ ပို့ဆောင်ခံရသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များဖြစ်နိုင်ကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် စစ်ကော်မရှင်ဘက်မှ ပန်းတောင်းမြို့နယ်အတွင်းရှိ ပွိုင့် ၆၆၆ စခန်းကုန်းအပါအဝင် အနီးအနားဒေသများကို တိုက်လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်ပြီး ထွက်ပြေးသွားသည့် စစ်သားများကို လိုက်လံရှင်းလင်းရာမှ ကပစ ၁၆ အနီးအထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ