
AB News – ဇန်နဝါရီ ၂၀၊ ၂၀၂၆
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်၊ ည ၁၁ နာရီအချိန်ခန့်တွင် ဒီပဲယင်းမြို့နယ်၊ ပျံကျကျေးရွာသို့ အကြမ်းဖက် စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော အမျိုးသမီးမှာ အသက် ၅၀ ကျော်အရွယ် ဒေါပြုံး ဖြစ်ပြီး ကျေးရွာအတွင်းရှိ နေအိမ်အဆောက်အအုံများလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။
အလားတူ ယမန့်နေ့ ၁၉ ရက်၊ နေ့လယ် ၁၂ နာရီကျော်အချိန်တွင် စစ်ကော်မရှင်မှ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့အား လေကြောင်းတိုက်ခိုက်ခဲ့၍ အမျိုးသား ၁ ဦး သေဆုံးခဲ့ရသည်။
ပြီးခဲ့သည် ဇန်နဝါရီ ၁၁ ရက်နေ့တွင်လည်း ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာရှိ စာသင်ကျောင်းအား စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း တစ်ကျောင်း ပျက်စီးခဲ့သည်။
ထို့အတူ စစ်ကော်မရှင်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မရကန် ကျေးရွာသို့ လေကြောင်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၁၈ ဦး သေဆုံးသွားခဲ့ရသည်။