
AB News – ဇန်နဝါရီ ၁၅ ၊ ၂၀၂၆
ရက္ခိုင်ပြည် ၊ ကျောက်ဖြူမြို့နယ် ၊သဖန်းချောင်းရွာကို စစ်ကော်မရှင် နေဗီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လင်မယား ၂ ဦး သေဆုံးသွားခဲ့ကြောင်းသိရသည်။
ယမန်နေ့ ည ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ကျောက်ဖြူမြို့ ပင်လယ်ပြင်၌ ရပ်နားထားသည့် နေဗီမှ သဖန်းချောင်းရွာဘက်သို့ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ကြောင်းသိရသည်။
အဆိုပါလက်နက်ကြီးကျဥ် ကျရောက်ပေါက်ကွဲမှုကြောင့် သဖန်းချောင်းရွာမှ အသက် ၃၄ နှစ်အရွယ် ဦးကျော်ဝင်းနှင့် ဇနီးဖြစ်သူ အသက် ၃၀ အရွယ် ဒေါ်ခင်လင်းစိုးတို့ သေဆုံးသွားခဲ့ရသည်။
စစ်ကော်မရှင်ပစ်ခတ်လိုက်သည့် လက်နက်ကြီးထဲမှ ၁ လုံးသည် သဖန်းချောင်းရွာအနီးရှိ ဦးမောင်စံနု လယ်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လင်မယား ၂ ဦးသည် ယင်းလယ်တဲ၌ ယာယီစစ်ရှောင်နေထိုင်ကြရာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေရာမှာတင် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။
လက်ရှိကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တို့ကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပြီး စစ်ကော်မရှင်သည် ဒေသခံများ နေထိုင်ရာမြို့၊ ရွာ များသို့ လက်နက်ကြီး ၊နေဗီ ၊ လေကြောင်းများမှ ဆက်တိုက်ပစ်ခတ်လျက်ရှိသည်။ထို့ကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာနေရာများသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။