AB News – ဇန်နဝါရီ ၁၁ ၊ ၂၀၂၆
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် အာရက္ခပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို တာဝန်ယူမည့် ဆေးပညာရှင်များ မွေးထုတ်ပေးရန်အတွက် “အာရက္ခဆေးပညာသိပ္ပံကျောင်း (Arakkha School of Medicine)” သို့ တက်ရောက်ရန် ကျောင်းသားသစ်များကို စတင်ခေါ် နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးပညာသိပ္ပံကျောင်းကို အာရက္ခဒေသအတွင်း ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို မြှင့်တင်ရန်နှင့် လိုအပ်လျက်ရှိသော ဆေးပညာရှင်များကို အမျိုးသားရေးအသိဖြင့် ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
လျှောက်ထားသူများသည် အသက် (၂၅) နှစ်အောက် ဖြစ်ရမည်ဖြစ်ပြီး အာရက္ခပြည်အတွင်း နေထိုင်သူ (သို့မဟုတ်) ပြည်ပရောက်ရှိနေသူများ ဖြစ်ရမည်ဟု ဆိုသည်။
ပညာအရည်အချင်းအနေဖြင့် စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း၊ စနစ်သစ် (Grade-12)၊ BECA၊ GED သို့မဟုတ် IGCSE အောင်မြင်ထားသူများ ဖြစ်ရမည်ဖြစ်ပြီး သတ်မှတ်ထားသော ဘာသာရပ်အလိုက် အမှတ်နှင့် Grade အဆင့်များ ပြည့်မီရမည်ဖြစ်သည်။
စိတ်ပါဝင်စားသည့် လူငယ်များသည် သတ်မှတ်ထားသော ပညာအရည်အချင်း အထောက်အထားများ၊ မှတ်ပုံတင်မိတ္တူနှင့် ထောက်ခံစာများကို ပြည့်စုံစွာဖြည့်စွက်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့ နောက်ဆုံးထားကာ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနများသို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။
(Reading, Writing) နှင့် အခြေခံသိပ္ပံဘာသာရပ်များကို ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲအောင်မြင်သူများကို ကျန်းမာရေးနှင့် လူတွေ့စစ်ဆေးခြင်းများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆေးပညာသင်တန်းကာလမှာ စုစုပေါင်း (၇) နှစ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိပြုရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


