
AB News- ဇန်နဝါရီ ၈၊ ၂၀၂၆
ရက္ခိုင်ပြည်က စစ်ကော်မရှင်ထိန်းချုပ်ထားသော မြို့ ၃ မြို့အနက် စစ်တွေမြို့အနီးက စကမ တပ်စခန်းများဖြစ်သည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) ၏ ကာကင်းစခန်း ၃ ခုကို အာရက္ခတပ်တော် (AA) က ပြောက်ကျားစနစ်ဖြင့် ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ AA၏ ထိုးစစ်ဆင် တိုက်ပွဲသည် ဇန်နဝါရီလ ၅ နေ့က ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ကအထိ တိုက်ပွဲပြင်းထန်နေသည့်အပြင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိ၍ စကမ၏ လက်နက်ကြီးများသည် ပုဏ္ဏားကျွန်းမြို့နယ်ဘက်အထိ ကျရောက်ပေါက်ကွဲကြောင်း သိရှိရသည်။
အာရက္ခတပ်တော်သည် စစ်တွေမြို့နယ်ရှိ ဒကစ၏ ကာကင်းစခန်းများဖြစ်သော အမြင့်ကျွန်းရွာ၊ အမြင့်ကျွန်းတံတားထိပ်၊ ဝါဘိုနှင့် ကျားမသောက်စသည့် စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
ထို့အပြင် အာရက္ခတပ်တော်က စစ်တွေမြို့ပေါ်တွင် အခြေစိုက်ထားသည့် စကမ၏ အမှတ် ၁၂ ရဲတပ်ရင်းကိုလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အာရက္ခတပ်တော်(AA) နှင့် စစ်ကော်မရှင်တပ်တို့ကြား ရက္ခိုင်ပြည်ရှိ စစ်တွေ၊ ကျောက်ဖြူ နှင့် ရက္ခိုင်ပြည် နယ်စပ်ဒေသဖြစ်သည့် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်းသိရသည်။
ပဲခူး- ရက္ခိုင်အစပ် တွင်လည်း AA ဦးဆောင်သည့် ပူးပေါင်းတပ်များ နှင့် စစ်ကော်မရှင်တပ်တို့ ကြားတိုက်ပွဲများ ပြင်းထန်နေပြီး ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်နေ့အတွင်း ပန်တောင်း- တောင်ကုတ် ကားလမ်းပေါ်ရှိ လေလာတောင်နှင့် ၆၆၆ ပွိုင့်စခန်းကုန်းတိုက်ပွဲအတွင်း စကမဘက်က ဗိုလ်မှူး ၂ ဦးအပါအဝင် စစ်သား ၅၀ ကျော် သေဆုံးခဲ့ကာ စစ်သုံ့ပန့်အများအပြားကိုလည်း AA က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။