AB News – ဇန်နဝါရီ ၂၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ် အတွင်းရှိ ကျောက်ချောင်း နှင့် ဖက်လိပ်ပြင် ကျေးရွာတို့မှ မူဆလင် ဒေသခံများသည် ARSA အဖွဲ့၏ ခြိမ်းခြောက်မှု အန္တရာယ်ကြောင့် ၎င်းတို့၏ နေရပ်ကို စွန့်ခွာခဲ့ကြပြီး ဒီဇင်ဘာ ၃၁ ရက်တွင် ဘေးကင်းလုံခြုံရာ ရေတွင်းပြင် ကျေးရွာသို့ အပြီးပိုင် ရွှေ့ပြောင်းအခြေချရန် ရောက်ရှိလာကြသည်ကို AB News က ကွင်းဆင်း တွေ့ရှိရသည်။
အဆိုပါ ဒေသခံ မူဆလင်များသည် ရေတွင်းပြင်ကျေးရွာသို့ ရောက်ရှိရန် တောတောင် လျှိုမြောင်များကြားမှ ခြေလျင် (၃) နာရီဝန်းကျင်ကြာ ခက်ခဲစွာ လမ်းလျှောက်ခဲ့ကြရခြင်းဖြစ်သည်။
ယင်းကျေးရွာများမှာ အိမ်ခြေနည်းပါးသဖြင့် ARSA အဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် သတ်ဖြတ်ခြင်းစသည့် အန္တရာယ်များကို စိုးရိမ်နေရသူများဖြစ်ပြီး ၎င်းတို့အား အာရက္ခတပ်တော် (AA) က လမ်းခရီး တလျှောက်၌ လုံခြုံရေးယူပေးကာ ရေတွင်းပြင်ကျေးရွာတွင် စုပေါင်းနေထိုင်နိုင်ရန် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။
လက်ခံကြိုဆိုခဲ့သည့် ရေတွင်းပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ရှူနာများက “ကျနော်တို့ ရွာသားတွေအနေနဲ့ ရွှေ့ပြောင်းလာသူ တွေကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ အရင်က သူတို့နေတဲ့ ဖက်လိပ်ပြင်မှာက အိမ်ခြေ ၂၀ ကျော်ပဲရှိပြီး ကျောက်ချောင်းမှာဆိုရင် အိမ်ခြေ ၄ ခုပဲ ရှိတာပါ။ ဒီလောက် လူနည်းတဲ့ရွာတွေမှာ ညဆိုရင် ARSA လို အဖွဲ့မျိုးတွေက ခြုံခိုတိုက်ခိုက်တာ၊ လူဖမ်းတာတွေ လုပ်တတ်တော့ လုံခြုံရေးက အတော်လေး အဆင်မပြေဖြစ်နေတာပါ။ အခုလို ကျနော်တို့ရွာမှာ လာပြီး စုပေါင်းနေထိုင်တော့ သူတို့အတွက်လည်း စိတ်အေးရသလို ကျနော်တို့ကလည်း တတ်နိုင်သလောက် ဝိုင်းဝန်းကူညီသွားမှာပါ” ဟုဆိုသည်။
လက်ရှိ ကောက်ယူရရှိထားသော စာရင်းများအရ ကျေးရွာ နှစ်ရွာပေါင်းတွင် အိမ်ထောင်စု (၂၇) စု၊ စုစုပေါင်း လူဦးရေ ၉၂ ဦး ရွှေ့ပြောင်းအခြေချခဲ့ကြောင်း တွေ့ရသည်။
ဖက်လိပ်ပြင်မူဆလင်ကျေးရွာ – အိမ်ထောင်စု ၂၃ စု၊ လူဦးရေ စုစုပေါင်း ၇၃ ဦး (ကျား ၄၅ ဦး၊ မ ၂၈ ဦး) ရွှေ့ပြောင်းလာခဲ့သည်။
အသက်အရွယ်အုပ်စုများအရ ၅ နှစ်အောက် ကလေးငယ် ၁၃ ဦး၊ ၅ နှစ်မှ ၁၂ နှစ်ကြား ၁၂ ဦး၊ ၁၈ နှစ်မှ ၆၀ နှစ်ကြား ၃၆ ဦးနှင့် ၆၀ နှစ်နှင့်အထက် ၄ ဦးတို့ ပါဝင်ပြီး နို့တိုက်မိခင် ၇ ဦး ပါဝင်သည်။
ကျောက်ချောင်း မူဆလင်ကျေးရွာ – အိမ်ထောင်စု ၄ စု၊ လူဦးရေ စုစုပေါင်း ၁၉ ဦး (ကျား ၇ ဦး၊ မ ၁၂ ဦး) ရွှေ့ပြောင်းလာခဲ့သည်။
အသက်အရွယ်အုပ်စုများအရ ၅ နှစ်အောက် ကလေးငယ် ၃ ဦး၊ ၅ နှစ်မှ ၁၂ နှစ်ကြား ၄ ဦး၊ ၁၈ နှစ်မှ ၆၀ နှစ်ကြား ၅ ဦးနှင့် ၆၀ နှစ်နှင့်အထက် ၁ ဦးတို့ ပါဝင်ပြီး နို့တိုက်မိခင် ၁ ဦး ပါဝင်သည်။
နေရပ်စွန့်ခွာလာသူ ကျောက်ချောင်းရွာမှ မူဆလင် ဟာမီဟိုဆောင်းက “အရင်ရွာမှာက လူနည်းတော့ ညဆိုရင် ARSA အန္တရာယ်ကြောင့် မအိပ်ရဲဘူး၊ အမြဲထိတ်လန့်နေရတယ်။ လမ်းမှာလည်း ၃ နာရီလောက် လမ်းလျှောက်ခဲ့ရလို့ အတော်ပင်ပန်းပါတယ်။ အခုလို အများကြီး စုပေါင်းနေရတာက ပိုလုံခြုံသလို ခံစားရတယ်။ ဒါပေမဲ့ ရွာမှာ ကျွဲ၊ နွားတွေ ကျန်ခဲ့သေးတော့ ဒါတွေကို ပြန်ယူနိုင်ဖို့ AA ကို အကူအညီတောင်းထားပါတယ်။ သူတို့ဘက်ကလည်း လုပ်ကိုင်စားသောက်ဖို့ မြေတွေပေးမယ်၊ ကျောင်းတွေ ဆေးပေးခန်းတွေ လုပ်ပေးမယ်ဆိုတော့ ကျနော်တို့ မိသားစုတွေရဲ့ ရှေ့ရေးအတွက် အားတက်ရပါတယ်” ဟု ဆိုသည်။
ထို့အပြင် ဒေသခံများအတွက် ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံလိုအပ်ချက်များကို စနစ်တကျ ထောက်ပံ့ပေးနိုင်ရန် လူဦးရေစာရင်းများကို အသေးစိတ် ကောက်ယူစုဆောင်းရခြင်းဖြစ်ပြီး လုပ်ကိုင်စားသောက်ရန် လယ်ယာမြေများကိုလည်း တရားမျှတစွာ ခွဲဝေပေးသွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် AA ၏ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက AB News သို့ပြောသည်။
မောင်တောခရိုင် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဆော်ဒူလာမိန် ( ခေါ် )မောင်မောင်အေးက “ကျနော်တို့ အနေနဲ့ ဒေသခံတွေကို လုံခြုံတဲ့နေရာမှာ စုပေါင်းနေထိုင်စေတာဟာ ARSA ရဲ့ ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ပေးဖို့နဲ့ အုပ်ချုပ်ရေးယန္တရား လက်လှမ်းမီစေဖို့ ဖြစ်ပါတယ်။ အခုလို လူဦးရေစာရင်းတွေကို အသေးစိတ် ကောက်ယူစုဆောင်းတာဟာ သူတို့အတွက် ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံလိုအပ်ချက်တွေကို စနစ်တကျ ထောက်ပံ့ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ ကျွဲနွားတိရစ္ဆာန်တွေ ပြန်ယူနိုင်ဖို့ကိုလည်း လုံခြုံရေးအခြေအနေအရ စီစဉ်ပေးသွားမှာပါ” ဟု ဆိုသည်။
လက်ရှိတွင် အာရက္ခတပ်တော်က ရွှေ့ပြောင်းလာသည့် မိသားစုများ အခြေချနေထိုင်နိုင်ရန်အတွက် နေရာထိုင်ခင်းများ ဆောက်လုပ်ပေးခြင်းနှင့် အခြေခံစားနပ်ရိက္ခာ ထောက်ပံ့ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။





