
AB News – ဒီဇင်ဘာ ၃၁၊ ၂၀၂၅
စစ်ကော်မရှင်တပ်သားများသည် အပြစ်မဲ့အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်နေပြီး အဆိုပါလုပ်ရပ်များမှာ လူသားချင်းစာနာမှုအကျပ်အတည်းတရပ်လည်းဖြစ်သောကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အရေးယူဆောင်ရွက်ပေးရန် HDCO က ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်နေ့က တောင်းဆိုလိုက်သည်။
စကမ ဦးဆောင်ကျင်းပသော ၂၀၂၅ ရွေးကောက်ပွဲ အပိုင်း (၁) အပြီး၊ နောက်နေ့ ဒီဇင်ဘာ ၂၉ ရက်၊ ညနေ ၈နာရီ၊ ၃၅ မိနစ်ခန့်တွင် စစ်ကော်မရှင်မှ ငပလီမြို့၊ လင်းသာရပ်ကွက်နှင့် ကျင်းကန်ကြီးကျေးရွာ တို့ကို လေကြောင်းဖြင့် ၂ကြိမ်တိုင်တိုင် ပေါင် (၅၀၀) ဗုံး ၄ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။
အဆိုပါဖြစ်စဥ်ကြောင့် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၉ ဦး သေဆုံးခဲ့ပြီး၊ ၁၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၂၃ ဆောင် မီးလောင်ပျက်စီးခဲ့ရကြောင်း HDCO က ထုတ်ပြန်ထားသည်။
အဆိုပါ ဗုံးကြဲခံရသောအဆောက်အဦးအတွင်း ပိတ်မိနေသော အသက် ၃ နှစ်အရွယ်ကလေးငယ် ၁ ဦးကိုလည်း ဗုံးကြဲခံရပြီး ၁၂ နာရီခန့် အကြာတွင် အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။
အလားတူ ဒီဇင်ဘာ ၂၅ ရက်၊ ခရစ္စမတ်နေ့ကလည်း သံတွဲမြို့နယ်၊ ရပ်ရှည်ကျေးရွာအား စစ်ကော်မရှင်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက် ၅၅ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။
စစ်ကော်မရှင်သည် နိုင်ငံအနှံ စစ်ရေးပစ်မှတ်မဟုတ်သောနေရာများကို စနစ်တကျ၊ ဆက်တိုက်၊ ပိုမိုပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်နေသည်။