
AB News – ဒီဇင်ဘာ ၃၁၊ ၂၀၂၅
ရခိုင်ပြည်နယ်၊ ငပလီမြို့ပေါ်ရှိ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးရွာကို ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်တွင် စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရှိခဲ့သည်။
အဆိုပါဗုံးကြဲမှုအတွင်း အသက် (၂) နှစ် (၈) လ အရွယ်ရှိ (၃) နှစ်မပြည့်သေးသည့် ကလေးငယ်တစ်ဦး နေအိမ်အပျက်အစီးများအောက်တွင် ပိတ်မိနေခဲ့ပြီး နောက်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီအချိန် ၁၂ နာရီခန့်အကြာတွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ကူညီကယ်ဆယ်ရေးလုပ်သားများက ပြောကြားသည်။
ကယ်ဆယ်ရေးလုပ်သားတစ်ဦးက“ ကျွန်တော်တို့ ရှာနေတဲ့ချိန်မှာ ဒီကလေးငယ်ကတော့ တိုက်ပြိုတဲ့အောက်မှာ သစ်တေ ပိတ်မိနေပြီး အသက်ရှင်နေတာကို တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့ကို တွေ့တဲ့အချိန်မှာ ကလေးက ငိုနေခဲ့ပါတယ်” ဟု ပြောသည်။
ကယ်ဆယ်ရရှိခဲ့သည့် ကလေးငယ်၏ အမည်မှာ မအေးသန္တာထွန်း ဖြစ်ပြီး ကယ်ဆယ်ရေးလုပ်သားများက ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ခဲ့သဖြင့် “မေကံကောင်း” ဟု အမည်ပေးထားကြောင်း သိရသည်။
အသက်ရှင်ကျန်ခဲ့သည့် ကလေးငယ်၏ မိခင်မဝင်းဝင်းရွှေ သည် လက်နက်စထိမှန်ကာ သေဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူ ကိုညီညီသည်လည်း ထိခိုက်ဒဏ်ရာများကြောင့် ဆေးရုံတွင် ကုသမှုခံယူနေရကာ လက်ရှိအချိန်ထိ သတိမရသေးကြောင်း သိရသည်။
လက်ရှိတွင် ကလေးငယ်မှာ ခြေထောက်တွင်ထိခိုက်ဒဏ်ရာများရရှိထားပြီး လတ်တလောတွင် ကုသရေးနှင့် စောင့်ရှောက်ရေးအတွက် လူမှုကူညီရေးအဖွဲ့များ၏ အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ နေအိမ်တွင်း မိသားစု ၂ စု တီဗီကြည့်နေစဉ် နေအိမ်ပေါ်တည့်တည့်သို့ ဗုံးကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး မေကံကောင်းနှင့် အတူရှိနေသည့် နောက်ထပ်မိသားစုတစ်စုမှာ မိသားစုဝင် ၅ ဦးစလုံး သေဆုံးခဲ့ကြောင်း ဒေသခံမျာ၏ ပြောဆိုချက်အရသိရသည်။