
( အရေးပေါ်အကူအညီအထောက်အပံ့များ လိုအပ်နေ)
AB News – ဒီဇင်ဘာ ၃၁၊ ၂၀၂၅
အောင်စိုး
စစ်ကော်မရှင်၏ လေကြောင်းအန္တရာယ်ကို ကြောက်ရွံ့၍ ငပလီမြို့ခံ နှင့် အနီးအနား ပတ်ဝန်းကျင်မှ ဒေသခံ ၄ ထောင်ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်တိမ်းရှောင်နေရကြောင်း ၎င်းဒေသတွင်း လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူများမှ သိရသည်။
ပြည်သူများနေထိုင်သည့် နေရာများကို စစ်ကော်မရှင်က စစ်ရေးပစ်မှတ်ထား တိုက်ခိုက်လာသဖြင့် တိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
“မြို့ပေါ် ရပ်ကွက်တွေကို ဗုံးကြဲတာဆိုတော့ ပြည်သူကတွေ တော်တော်ကြောက်ရွံ့နေကြပါတယ်။ သူတို့ မျက်စိရှေ့မှာတင် ဖြစ်သွားတယ်။ ဆိုတော့ သူတို့လည်း မနေရဲတော့ဘူး။ အကုန်လုံး ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်။ စစ်ရှောင်ခန့်မှန်းဦးရေကတော့ ၄ ထောင်နီးပါး ရှိလောက်တယ်” ဟု ဆိုသည်။
စစ်ဘေးတိမ်းရှောင်နေရသူများသည် သံတွဲခရိုင်၊ ငပလီမြို့ပေါ် ရပ်ကွက်များဖြစ်သည့် ဂေါ့ရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်၊ လင်းသာရပ်ကွက် နှင့် ဂျိတ္တောရပ်ကွက်နှင့် အနီးအနားမှ ဒေသခံများ ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် ဒေသခံများမှာ အရေးပေါ် အကူအညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။
“စစ်ရှောင် လူဦးရေ ၄ ထောင်နီးပါးဆိုတော့ တော်တော်များတဲ့ ပမာဏ လို့ ပြောလို့ရပါတယ်။ ကျနော်တို့လည်း လိုက်မမီနိုင်ဘူး။ လောလောဆယ်တော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အရေးတကြီးလိုအပ်နေပါတယ်” ဟု ဆိုသည်။
ရွေးကောက်ပွဲအလွန် ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေ ၈ နာရီကျော်တွင် စစ်ကော်မရှင်က သံတွဲခရိုင်၊ ငပလီမြို့ပေါ်ရှိ လင်းသာရပ်ကွက် နှင့် ကျင်းကန်ကြီးကျေးရွာကို ပေါင်း ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ထောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ယမန်နေ့တွင် ထုတ်ပြန်သည်။
ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူများထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ် ၄ ဦးပါဝင်ကြောင်း သိရသည်။ ယင်းအပြင် လူနေအိမ် ၂၃ ဆောင်လည်း မီးလောင်ပျက်စီးခဲ့ရသည်။
စစ်ကော်မရှင်တပ် လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် သံတွဲမြိုသည် ၎င်းတို့လာမည့် ရွေးကောက်ပွဲ အပိုင်း (၃) ကိုကျင်းပရန် လျာထားသည့် အာရက္ခတပ်တော်ထိန်းချုပ်မြိုနယ်ထဲက တစ်မြို့ဖြစ်သည်။
ရက္ခိုင်က မြို့နယ်အများစုကို လက်လွှတ်ဆုံးရှုံးထားရသည့် စစ်ကော်မရှင်သည် ဆုံးရှုံးမြို့နယ်များမှ ပြည်သူများနေထိုင်သည့် နေရာများကို စစ်ရေးပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာနေသောကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက် (ကမ္ဘာ့လူ့အခွင့်အရေးနေ့)တွင်လည်း မြောက်ဦးခရိုင်ပြည်သူ့ဆေးရုံးကြီးကို ဂျက်ဖိုက်တာနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဆေးကုသနေသည့် လူနာ၊ လူနာစောင့်၊ ကျန်းမာရေးဝန်ထမ်း နှင့် စေတနာ့ဝန်ထမ်းအပါအဝင် ပြည်သူ ၃၃ ဦးသေဆုံးခဲ့ရပြီး ၇၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။