
AB News – ဒီဇင်ဘာ ၁၆၊၂၀၂၅
ဂျူလိုင်
စစ်ကော်မရှင် ထိန်းချုပ်ထားသော စစ်တွေမြို့ပေါ်က ရပ်ကွက်တချို့မှာ လူနေအိမ်များကို လောင်စာထင်းအဖြစ် ရောင်းချမှု ပိုမိုများပြားလာကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစပြီး ရက္ခိုင်ပြည်တွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်(AA)တို့ နှစ်ဖက် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါအချိန်မှစ၍ စစ်ကော်မရှင်သည် ရက္ခိုင်ပြည်ကို ကုန်းလမ်းနှင့် ရေကြောင်းလမ်းများကို ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထိန်းချုပ်ထားသော ရက္ခိုင်ပြည်မှ စစ်တွေ၊ကျောက်ဖြူနှင့် မာန်အောင် မြို့တို့ကိုသာ ဆက်သွယ်ရေးများကို ထိန်းချုပ်ပြီး ဖွင့်လှစ်ထားခြင်းဖြစ်သည်။
တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ စစ်တွေမြို့ပေါ်မှ ပြည်သူအချို့သည် နီးစပ်ရာ ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား စသည့်မြို့နယ်များသို့ အသီးသီးစစ်ဘေးတိမ်းရှောင်ကြပြီး အချို့မှ ပြည်မဘက်သို့ စစ်ဘေးတိမ်းရှောင်ခြင်းများ ရှိခဲ့သည်။
ကုန်းလမ်းများကိုစတင်ပိတ်ပင်ခဲ့သည့်အချိန်မှစတင်၍ စစ်တွေမြို့ပေါ်တွင် စားသောက်ကုန် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ပြီး ၎င်းထဲမှ လောင်စာဆီအပြင် ထင်း၊မီးသွေး ဝယ်ယူသုံးစွဲမှု အဆမတန်မြင့်တက်ခဲ့သည်။
ယင်းကြောင့် စစ်ဘေးတိမ်းရှောင်သွားကြသော လူနေအိမ်များကို စစ်ကော်မရှင်တပ်များနှင့်ပူးပေါင်း၍ ဖြိုဖျက်ပြီး လောင်စာထင်းအဖြစ်ရှောင်းချမှုများအပြင် သူတို့၏ အိမ်လောင်စာအဖြစ်လည်း ခိုးယူဖြိုဖျက်မှုများလည်းရှိကြောင်းသိရသည်။
”အဒေါ်တို့အိမ်မှာ ယောင်္ကျားသားမရှိဘူး၊မိန်းမသားတွေချည်းပဲ စစ်ရှောင်လာကြတော့ အိမ်စောင့်ရယ်လို့ မကျန်ခဲ့ဘူး။ ဘေးအိမ်တွေကိုတော့ စောင့်ကြည့်ဖို့ မှာခဲ့တယ်။ နောက်ပိုင်း အဆက်သွယ်လုပ်ကြည့်တော့ လူမရှိတဲ့အိမ်ဆိုရင် ဖြိုယူသွားကြတယ်။ ကိုယ်အိမ်မဟုတ်ရင် ဝင်ပြောပိုင်ခွင့်မရှိဘူးတဲ့” ဟု နေအိမ်ဖြို့ဖျက်ခံလိုက်ရသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောသည်။
လက်ရှိတွင် စစ်တွေမှာ မီးသွေးတစ်အိတ်ကို ၆၀၀၀၀ ကျပ် အထိ ပေါက်စျေးရှိနေပြီး ဒေသခံပြည်သူများမှာလည်း အလုပ်အကိုင်ရှားပါးမှုပြဿနာကြောင့် နေအိမ်များကို ဖြိုဖျက်ကာရောင်းချပြီး စားဝတ်နေရေးကိုဖြေရှင်းနေရကြောင်း သိရသည်။
စစ်ရှောင်အမျိုးသမီးတစ်ဦးက ” မနေ့က အဒေါ်ဆီကိုဖုန်းဝင်လာတယ်။ အဒေါ်တို့အိမ်ကို ရောင်းမလားတဲ့။ အိမ်ကအထဲမှာ ဘာပစ္စည်းမှမရှိတော့ဘူး၊ အိမ်ခေါင်မိုးသံဖြူ(သွပ်ပြား)၊ တိုင်တွေပဲရှိတော့တာတဲ့။ ကြားကြားချင်း အဒေါ်တို့စိတ်မထိန်းနိုင်ဘူး တစ်မိသားစုလုံး ငိုမိကြတယ်” ဟု AB News သို့ ပြောသည်။
စစ်တွေမှာ သယ်ယူပို့ဆောင်ရေးများကို လေကြောင်းတစ်ခုသာ ခွင့်ပြုထားပြီး ကုန်တင်သင်္ဘောကြီးများဝင်ရောက်မှု ရံဖန်ရံခါသာရှိသောကြောင့် ကုန်စျေးနှုန်းများမှာ အဆမတန်မြင့်တက်နေခြင်း ဖြစ်သည်။
ထိုပြင် လက်ရှိမှာ စစ်ကော်မရှင်သည် စစ်တွေမြို့ပေါ်တွင် ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေပြီး မဲဆွယ်စည်းရုံးရေးများကိုလည်း ပြုလုပ်လျှက်ရှိသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ရက္ခိုင်ပြည်နယ်နေ့တွင်လည်း နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ခန့်စည်သူ၊ ဘုန်းလျှံ၊ ထက်မြက်၊ ဂျူးထက်ထက်အောင်နှင့် ရခိုင်ဝါရင့်အဆိုတော် ဦးမောင်သိန်းတို့ကိုဖိတ်ခေါ်ကာ စစ်ကော်မရှင်က ရက္ခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲအဖြစ် ကျင်းပနေကြောင်း ဒေသခံများမှသိရသည်။