
AB News – ဒီဇင်ဘာ ၃၊ ၂၀၂၅
ဖြိုးဝေ
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ပလက်ဝတွင် ခူမီးနှစ်သစ်ကူးပွဲတော်ကို အစဥ်အလာ မပျက် ကျင်းပပြုလုပ်သည့်အခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ခရိုင်ပါတီကော်မတီဝင်များအပါအဝင် တာဝန်ရှိသူများ တက်ရောက်ချီးမြင့်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်၊ နံနက် ၈ နာရီခန့်တွင် ခူမီးစာပေနှင့် ယဥ်ကျေးမှု (ဗဟို) အသင်းမှ ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။
၎င်းအခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ခရိုင်ကော်မတီဝင်များနှင့် ULA/AA ဦးဆောင်သော အာရက္ခပြည့်သူ့တော်လှန်ရေး အစိုးရ ဌာနဆိုင်ရာများမှ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
“ခူမီးနှစ်သစ်ကူးပွဲတော်ကို ခူမီးစာပေနှင့် ယဥ်ကျေးမှု (ဗဟို)အသင်းမှ ဦးဆောင်ကျင်းပပြီး ကျနော်တို့ကို တလေးတစား ဖိတ်ခေါ်တဲ့အတွက် ဝမ်းသာပါတယ်။ လာမည့် နှစ်တွေမှာ ကျရောက်မယ့် နှစ်သက်ကူးပွဲတော်ကို အခုထက်ပိုပြီး စည်ကားသိုက်မြိုက်စွာ အန္တရာယ်ကင်း ကျင်းပပြုလုပ်ဖို့ လိုအပ်ပြီး အခက်အခဲတွေကို သက်ဆိုင်ရာ အစိုးရဌာနက စီစဥ်ဆောင်ရွက်ပေးသွားမည်” ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ တာဝန်ရှိသူက ဆိုသည်။
ထို့အပြင် ခရိုင်ပါတီဝင် ကော်မတီတာဝန်ရှိသူများမှ လိုအပ်ချက်များကို ကူညီပေးခဲ့ပြီး နှစ်သစ်ကူးပွဲတော် အောင်မြင်စွာကျင်းပရေးအတွက် ထောက်ပံ့မှုများပေးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁ ရက်နေ့သည် ခူမီးလူမျိုးတို့၏ နေ့ထူး နေ့မြတ်အဖြစ် အထွဋ်တမြတ် တန်ဖိုးထားဖြစ်သည့်အလျောက် နှစ်သက်ကူးပွဲတော် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပလက်ဝခရိုင်တွင် ကျင်းပပြုလုပ်ခဲ့သော ခူမီးနှစ်သစ်ကူးပွဲတော်ကို ဘာသာရေးခေါင်းဆောင်များ၊ မျိုးနွယ်စု ခေါင်းဆောင်များ၊ ခူမီးစာပေနှင့် ယဥ်ကျေးမှု (ဗဟို) အသင်းဝင်များ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ခရိုင်ပါတီ ကော်မတီဝင်များအပါဝင် အာရက္ခပြည့်သူ့အစိုးရ၏ ဌာနဆိုင်ရာများနှင့် ခူမီးလူမျိုးများ တက်ရောက်ခဲ့ကြောင်း သိရသည်။