သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လေယာဉ်မှ ချပေးသော စားနပ်ရိက္ခာထုတ် လာကောက်သည့် နတ်ရေကန်စခန်းမှ တပ်သားအချို့ အေအေ တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် သေဆုံး

AB News – ဒီဇင်ဘာ ၁၊ ၂၀၂၅
မာလာဝင်း

အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို စစ်ကော်မရှင်တပ်မှ Y-8 ထောက်ပို့လေယာဉ်ဖြင့် စားနပ်ရိက္ခာများ လာချစဉ် ကောက်ယူရန်လာသော တပ်သားအချို့ အေအေ တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့်အပြင် ဒဏ်ရာရသူများရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုကြသည်။

နိုဝင်ဘာ ၃၀ ရက်၊ နေ့လယ် ၁ နာရီအချိန်ခန့်တွင် စစ်တပ်မှ Y-8 လေယာဥ်ဖြင့် စားနပ်ရိက္ခာများအပါအဝင် အထုပ် ၁၀ ထုပ်ကို လေထီးအသုံးပြု၍ လာချပေးနေစဥ် ကောက်ယူရန်လာသည့် စစ်ကော်မရှင်တပ်သားများကို အာရက္ခတပ်တော်(AA) က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

နတ်ရေကန်ဗျူဟာကုန်းသို့ သောက်ရေမှအစ လေကြောင်းမှ ပို့ဆောင်နေရပြီး နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် ရက်ဆင့်၍ ထောက်ပို့လေယာဥ်များဖြင့် စားနပ်ရိက္ခာပို့ဆောင်ပေးနေရကြောင်း ဒေသခံစစ်ရေးသတင်းရင်းများက ဆိုကြသည်။

“ကမ္ဘာလုံးစခန်းကတော့ မြေပြင်မှာပြားသွားပြီ။ မနေ့က နေ့လည်မှာ အထုပ်တွေကောက်နေတုန်း ပစ်ခတ်ခံရတာပါ။ လာကောက်တဲ့စစ်သားတွေ သေဆုံးထိခိုက် ဒဏ်ရာရသွားကြပါတယ်”ဟု ပြောသည်။

အာရက္ခတပ်တော်သည် နတ်ရေကန်စခန်းကို ဝိုင်းဝန်းပိတ်ထားရုံသာမက လက်နက်ကြီးပါ ယခင်ကထက် ပစ်ခတ်နေ၍ စစ်အုပ်စုတပ်ဖွဲ့ဝင်များမှာလည်း နေ့စဥ်ရက်ဆက် ထိခိုက်သေဆုံးမှုများရှိနေကြောင်း အဆိုပါ စစ်ရေးရင်းမြစ်က ဆိုသည်။

နတ်ရေကန်စခန်းထဲမှာ တပ်သားတွေ ပိတ်လှောင်ထားပြီး ၎င်းစခန်းထဲတွင် ဂူများဖောက်ထားသည့်အပြင် ထိုခိုအောင်းနေသောနေရာမှ အပြင်သို့ ထွက်လျှင် AA မှ လက်နက်ကြီး၊ စနိုက်ပါများနှင့် ပစ်ခတ်နေ၍ ထိခိုက်သေဆုံးမှုများလည်း မကြာခဏရှိနေကြောင်း သိရှိရသည်။

နတ်ရေကန်စခန်းအား အာရက္ခတပ်တော်မှ ဝိုင်းဝန်း ပိတ်ဆို့ထားပြီး ထောက်ပို့လမ်းကြောင်းများကိုလည်း ဖြတ်တောက်ထားသည်မှာ ၂ လ နီးပါးခန့်ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် စစ်ကော်မရှင်တပ်သည် နတ်ရေကန်စခန်းကို လမ်းဟောင်း၊ လမ်းသစ် နှစ်ဖက်လုံးထိုး စစ်ဆင်နေသော်လည်း အာရက္ခတပ်တော်နှင့် ပူးပေါင်းတော်လှန်ရေးတပ်များ၏ ပိတ်ဆို့တိုက်ခိုက်မှု ခံနေရသဖြင့် ရှေ့သို့မတက်နိုင်ဘဲ နောက်ပြန်ဆုတ်နေရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ