သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဧရာဝတီတိုင်း၊ ရွှေသောင်ယံနှင့် သာပေါင်းမြို့များတွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေ

AB News – နိုဝင်ဘာ ၂၅၊ ၂၀၂၅
အမရာ

ရက္ခိုင်ဘက်ခြမ်း အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ဂွမြို့နှင့် ကပ်နေသော ဧရာဝတီတိုင်းဘက်ခြမ်း ရွှေသောင်ယံနှင့် သာပေါင်းမြို့နယ်များမှာ စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ရွှေသောင်ယံမြို့နယ်၊ မကျီးဇင်ရွာနှင့် သာပေါင်းမြို့နယ်၊ သဲဖြူရွာတို့တွင် နိုဝင်ဘာ ၂၁ ရက်နေ့မှ စပြီး စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာသဖြင့် နှစ်ဖက်တိုက်ပွဲများပြင်းထန်နေသည်ဟု ဆိုသည်။

“အမှတ် ၃၄၄ အမြှောက်တပ်ဘက်ကို စစ်အရှိန်လျှော့ချဖို့ ဒီဘက်ကို တိုက်ပွဲဖော်လာတာလို့ ထင်တယ်။ ဘာလို့ဆို ဒီဘက်တွေမှာ တိုက်ပွဲမရှိတာကြာပြီ၊ အသံတွေ စထွက်တာ တစ်ပတ်လောက်ပဲရှိသေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

“စစ်တပ်ကထိုးစစ်ဆင်လာလို့ဖြစ်တာ မနေ့ကလည်း တိုက်ပွဲတွေဆက်ပြီး ဖြစ်နေတုန်းလို့ ကြားသိရပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲမှ ဂွ-ငသိုင်းချောင်း လမ်းတွင် စစ်တပ်၏ အမှတ် ၃၄၄ အမြှောက်တပ်ရှိနေပြီး ယင်းနေရာတွင် ထိတွေ့တိုက်ပွဲများ ရှိနေ၍ အမြှောက်တပ် ၃၄၄ကိုသိမ်းပိုက်နိုင်လျှင် ပုသိမ်-မုံရွာကားလမ်းကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားခြင်းဖြစ်သည်။

ရွှေသောင်ယံမြို့နယ်ထဲမှ မကျီးဇင်ရွာနှင့် ဘောမိရွာတို့ကို အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်များက ယခုနှစ် နှစ်ဆန်းပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ကြသည်။

“သာပေါင်းမြို့နယ်မှာတော့ ပြီးခဲ့တဲ့အောက်တိုဘာလကစပြီး တိုက်ပွဲဧရိယာကျယ်ပြန့်လာတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၁ ရက်နေ့က အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်တစ်ခုမှာ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးရွာအနီးနဲ့ လေးမျက်နှာမြို့နယ်၊ စက်စက်ယို ၊ ချင်းလယ်ကျေးရွာ အနီးပတ်ဝန်းကျင်များတွင် တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ