သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် စစ်ကော်မရှင်က မြို့ခံများ နှင့် နေရပ်ပြန်ခရီးသွားများကို လူသားဒိုင်းကာအဖြစ် အသုံးပြုနေ

AB News – နိုဝင်ဘာ ၂၁၊ ၂၀၂၅
မျိုးဟိန်း

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့ထဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များမှ မြို့ခံဒေသခံပြည်သူများအပြင် ပြည်မနှင့် နိုင်ငံခြားမှ ရက္ခိုင်သို့နေရပ်ပြန်လာသည့် ခရီးသွားပြည်သူများကို လူသားဒိုင်းကာအဖြစ် အသုံးချနေကြောင်း စုံစမ်း သိရသည်။

ကျောက်ဖြူမြို့အနီးဝန်းကျင်နေရာများတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲအရှိန် ပြင်းထန်လာသဖြင့် မြို့ခံများကို စစ်ကော်မရှင်မှ စစ်ဘေးတိမ်းရှောင်ခွင့်ပိတ်ပင်ထားပြီး ခရီးသွားပြည်သူများကိုလည်း နေရပ်ပြန်ခွင့်မပြုဘဲ ထိန်းသိမ်းထားကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်က AB News သို့ ပြောသည်။

“တိုက်ပွဲတွေက အရင်ထက် ပိုပြီးတော့မှ ပြင်းထန်လာတယ်။ မြို့နဲ့လည်း နီးလာတော့ ပြည်သူတွေက မနေရဲတော့ဘူး။ စစ်ဘေးတိမ်းရှောင်ဖို့ ကြိုးစားလာကြတယ်။ အဲလိုကြိုးစားတဲ့သူတွေဆီက သူတို့ (စကစ)ပိုက်ဆံတောင်းတယ်။ ပြီးတော့ မြို့ဝင်ပေါက် ထွက်ပေါက်တွေ အကုန်လုံးကို ပိတ်ဆို့ထားတယ်။ သူတို့မသိတဲ့အချိန် ထွက်သွားရင် အရေးယူ ဖမ်းဆီးမယ် ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိတယ်။ ပြီးတော့ လေယာဥ်နဲ့ ရန်ကုန်ကလာတဲ့ ခရီးသည်တွေလည်း ပိတ်မိနေတာအများကြီး ရှိတယ်” ဟု ဆိုသည်။

ကျောက်ဖြူမြို့ပေါ်တွင် စစ်ကော်မရှင်အဖွဲ့မှ ဓာတ်ဆီ ဟု လူသိများသည့် စစ်သားတစ်ဦး ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၂၀ ခန့်သည့် မြို့အတွင်း သွားလာလှုပ်ရှားနေကာ ပြည်သူများမရှိသည့် နေအိမ်များကို ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများ ယူဆောင်နေပြီး မြို့ခံများကိုလည်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးမှုများရှိကြောင်း နောက်ထပ် သတင်းရင်းမြစ်တစ်းဦးက ပြောသည်။

“တပ်သား ၂၀ လောက်နဲ့ ဓာတ်ဆီ ဦးဆောင်တဲ့ အဖွဲ့ က တော်တော်ဆိုးရွားတာပါ။ ပြည်သူတွေ မနေတဲ့အိမ်တွေဆိုရင် ဖောက်ထွင်းပြီးတော့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ထုခွဲရောင်းချတယ်။ လက်ရှိသူ့မှာ အာဏာရှိနေတော့ မြို့ခံတွေကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းတယ်။ နှိပ်စက်တယ်။ တချို့ဆိုရင် သူ့ဆီကလွတ်ဖို့အတွက် ပိုက်ဆံအများကြီး ပေးရတယ်။ ပြီးတော့ အဲကရတဲ့ပိုက်ဆံတွေကို ရန်ကုန်မှာရှိတဲ့ သူ့မိသားစုဆီကိုပေးတယ်လို့ သိရတယ်” ဟု ဆိုသည်။

စစ်ရေးနှင့် မသက်ဆိုင်သည့် ဒေသခံပြည်သူများကို ယခုကဲ့သို့ လူသားဒိုင်းကာအဖြစ် အသုံးပြုနေခြင်းမှာ အာရက္ခတပ်တော်၏ထိုးစစ် နှောင့်နှေးအောင် ပြုလုပ်နေခြင်းဖြစ်ကြောင်း လူမှုရေးတက်ကြွလှုပ်ရှားသူ စာရေးဆရာ ဝေဟင်အောင် က AB News သို့ ပြောသည်။

“လက်ရှိ စစ်ကောင်စီဘက်က ဘယ်လိုပုံစံမျိုးလုပ်လာလည်း ဆိုရင် စစ်တွေမှာပဲဖြစ်ဖြစ်၊ ကျောက်ဖြူမှာပဲ ဖြစ်ဖြစ်ပေါ့နော် ပြည်သူတွေကို မြို့ထဲကနေ မြို့ပြင်ကို ထွက်ခွင့်မပေးဘူး။ အကုန်လုံးကို သူတို့ပိတ်ဆို့ထားတယ်။ သဘောက ဒီပြည်သူလူထုတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတာဖြစ်တယ်။ အခြားတစ်ဖက်မှာဆိုရင်လည်း သူတို့ ပြည်သူတွေကို ပိတ်လှောင်ထားတဲ့အတွက် တစ်စုံတစ်ရာ သူတို့အတွက် အကာအကွယ်ဖြစ်စေတယ်။ ပြီးတော့ AA ကလည်း ထိုးစစ်ဆင်တဲ့အခါ ပြည်သူတွေကို ငဲ့ညှာတာကြောင့် AA စစ်ရေးကျယ်ကျယ်ပြန့်ပြန့် မဖော်ဆောင်နိုင်အောင် သူတို့(စစ်ကောင်စီ) လုပ်တာလို့ပဲ မြင်တယ်ဗျ” ဟု ဆိုသည်။

လက်ရှိ ကျောက်ဖြူမြို့၏ တောင်ဘက်နှင့် အနောက်ဘက်နေရာ အနှံ့အပြားတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး အနီးအနားကျေးရွာများသို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးမှုများ ရှိနေသည်။

ထိုစစ်ကြောင်းထိုးမှုများကြောင့် ကျောက်ဖြူမြို့နယ်တွင် ကျေးရွာ ၂၀ ခန့်မှ လူဦးရေ ၂၃၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များအား ကူညီထောက်ပံ့နေသည့် Triple –T ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်တွင်းပြည်ပ အလှူရှင်များ၏ ထောက်ပံ့ငွေဖြင့် အဆိုပါ စစ်ဘေးရှောင် နှစ်ထောင်ကျော်အား အရေးပေါ်ပြောင်းရွေ့ခြင်းနှင့် တစ်လစာအရေးပေါ်လိုအပ်ချက်များ အသုံးပြုရန် သိန်း ၁၂၀၀ ကျပ်ကို Triple –T အဖွဲ့မှ ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

တရုတ်စီမံကိန်းအများအပြားရှိရာ ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်က မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေသည်မှာ အချိန် ၉ လကျော်ကြာမြင့်နေပြီ ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင်လည်း ကျောက်ဖြူမြို့ မင်းပြင်ကျေးရွာအနီး မိုးလေဝါသ ရေဒါစခန်းတွင် ဓာတ်ပုံရိုက်ရန် စုဝေးပြင်ဆင်နေသည့် စစ်ကောင်စီတပ်သားများမှာ အာရက္ခတပ်တော်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အများအပြားထိခိုက်သေဆုံးခဲ့သည်။

စစ်ကောင်စီဖက်ကလည်း ကျောက်ဖြူမကျစေရေး ကြည်း၊ ရေ၊ လေ နည်းလမ်းမျိုးစုံသုံးပြီး အာရက္ခတပ်တော်၏ ထိုးစစ်ကို ခုခံကာကွယ်နေသည်။ ယင်းအပြင် စစ်ကောင်စီ၏လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများထိခိုက်သေဆုံးမှုများ မြှင့်တက်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ