
AB News- နိုဝင်ဘာ ၁၁၊ ၂၀၂၅
ဒေဝီ
စစ်တွေမြို့အခြေစိုက် အကြမ်းဖက်စစ်ကော်မရှင်၏ ရေတပ်စခန်းနှင့် အမှတ် (၁၂) ရဲတပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရာ အပြစ်မဲ့ အရပ်သားပြည်သူ စုစုပေါင်း ၅ ဦး ကနဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် စစ်တွေမြို့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များသည် ပေါက်တောမြို့တွင်းရှိ သရွဲရွာလမ်းခွဆုံအနီးတွင် ၄ လုံး နှင့် ငပြီကျွန်းအနီးသို့ ၂ လုံး စုစုပေါင်း ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်စဥ်အတွင်း အမျိုးသား ၄ ဦး နှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး အသေးစား၊ အလတ်စား ထိခိုက်ဒဏ်ရာရရှိသူ အချို့လည်း ရှိကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို အရေးပေါ် ဆေးကုသမှုများ ပေးနိုင်ရန် စီစဉ်နေကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
ပေါက်တောမြို့သည် စစ်တွေမြို့နှင့် နီးကပ်စွာ တည်ရှိပြီး ရေလမ်းခရီးဖြင့် ဆက်သွယ်နိုင်သည့် လမ်းများရှိသောကြောင့် မဟာဗျူဟာမြောက် အရေးပါသည့် မြို့တစ်မြို့ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပေါက်တောမြို့ သိမ်းပိုက်ရေး တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး၊ မြို့တွင်း စစ်ရေးပဋိပက္ခများကြောင့် အရပ်သားပြည်သူများ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
လက်ရှိတွင် ပေါက်တောမြို့ကို အာရက္ခတပ်တော်မှ သိမ်းပိုက်ထိန်းချုပ်ထားကာ စစ်ကော်မရှင်တပ်များသည် စစ်ရေးအရ အသာစီးရရန်အတွက် မြို့နယ်ပတ်ဝန်းကျင်နှင့် မြို့ပေါ်ပစ်မှတ်များကို လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး ယင်းပစ်ခတ်မှုများသည် အရပ်သားထိခိုက်မှုများ ပိုမိုများပြားစေသည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောကြားသည်။
လက်ရှိဖြစ်စဉ်နှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များနှင့် ဒဏ်ရာရရှိသူများ၏ အခြေအနေများကို AB News မှ ဆက်လက်စုံစမ်းနေသည်။