စစ်ကော်မရှင်၏ တန်ပြန်ထိုးစစ်ကို ပူးပေါင်းတန်ပြန်မည်
AB News- နိုဝင်ဘာ ၁၁၊ ၂၀၂၅
ဒေဝီ
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့် ချင်းညီနောင် (Chin Brotherhood – CB) အဖွဲ့တို့သည် စစ်ကော်မရှင်၏ တန်ပြန်ထိုးစစ်များကို ပူးပေါင်း တန်ပြန်ရန်အတွက် စစ်ရေးကိစ္စများကို အဓိကထား တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ ရေရှည်အတွက် စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေး မဟာမိတ်အဖြစ် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန်အထိပါ ဆွေးနွေးခဲ့ကြောင်း CB ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ထုတ်ဖော်ပြောဆိုလိုက်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ရက္ခိုင်ပြည်နအတွင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များနှင့်အတူ တွေ့ဆုံ ဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း ဆလိုင်းယောမန်က နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် ချင်းညီနောင် ရန်ပုံငွေရှာဖွေပွဲတွင် ပြောကြားခဲ့သည်။
ဆွေးနွေးပွဲအတွင်း ULA/AA နှင့် CB တို့အကြား စစ်ကော်မရှင်၏ တန်ပြန်ထိုးစစ် ဆင်လာနိုင်သည့် အခြေအနေများကို ခန့်မှန်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် ကိစ္စများကို ပူးပေါင်းဆောင်ရွက်ကြရန် အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့လကပဲ တွေ့ကြတယ်။ ဆုံကြတယ်။ ဆွေးနွေးကြတယ်။ အဓိကတော့ တော်လှန်ရေးနဲ့ ပတ်သက်လို့ပါ။ တော်လှန်ရေးနဲ့ ပတ်သက်လို့ စစ်ရေးမှာ ဘယ်လိုရှိမလဲ၊ ဘယ်လိုပူးပေါင်းကြမလဲ။ ဘယ်လိုမျိုး အပြန်အလှန် ကူညီကြမလဲပေါ့။ အဓိကတော့ စစ်ကော်မရှင်ရဲ့ တန်ပြန်ထိုးစစ်ဆင်လာနိုင်တာကို ခန့်မှန်းကြတာပေါ့။ ပြင်ဆင်ထားကြတာပေါ့။ အဲဒီအတွက် ပူးပေါင်းကြတာပေါ့” ဟု ဆလိုင်းယောမန်က ဆိုသည်။
ယင်းတွေ့ဆုံမှုသည် ခဏတာတွေ့ဆုံခြင်းမျိုး မဟုတ်ဘဲ အချိန်များစွာ တွေ့ဆုံ၍ အပြန်အလှန် လက်ဆောင်များပေးအပ်ခြင်း၊ မှတ်တမ်းပုံများ ရိုက်ကူးခြင်းတို့ ပြုလုပ်ခဲ့ကြပြီး တွေ့ဆုံမှုများအတွင်း သင်ယူစရာ သင်ခန်းစာများ၊ လေ့လာစရာများလည်း ရရှိခဲ့ကြောင်း ပြောသည်။
ရက္ခိုင်ပြည်သို့ တွေ့ဆုံဆွေးနွေးရန် လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မြို့ကြီး ၅ မြို့ကိုလည်း လွတ်လပ်စွာ သွားလာခဲ့သည်ဟု ဆလိုင်းယောမန်က ဆိုသည်။
နယ်နိမိတ်ချင်း ထိစပ်နေသော ပြည်နယ်များဖြစ်သည့် ရက္ခိုင်ပြည်နှင့် ချင်းပြည်တို့အကြား အနာဂတ်တွင် အပြန်အလှန် ပူးပေါင်းချိတ်ဆက်ရန် ကိစ္စများကိုပါ ဆွေးနွေးခဲ့ကြောင်း သိရသည်။
“စစ်ရေးမဟာမိတ်အပြင် နောက်နောင်ကျရင် နိုင်ငံရေးမဟာမိတ်၊ စီးပွားရေးမဟာမိတ်အထိ အဲဒီလိုမျိုး ပူးပေါင်းချိတ်ဆက်ဖို့။ လူမျိုးချင်း အပြန်အလှန် ကူညီဖေးမကြဖို့ပေါ့” ဟု ၎င်းက ပြောသည်။
ULA/AA ၏ သဘောထားမှာ ရက္ခိုင်လူမျိုးများ ကြီးပွားတိုးတက်လျှင် ချင်းလူမျိုးများပါ အကျိုးခံစားခွင့် ရရှိနိုင်ရန်နှင့် ချင်းလူမျိုးများ ကြီးပွားတိုးတက်ပါကလည်း ရက္ခိုင်လူမျိုးများပါ အကျိုးခံစားနိုင်ရန် အပြန်အလှန် အကျိုးစီးပွား ရှိစေလိုခြင်းဖြစ်ကြောင်း ဆလိုင်းယောမန်က ပြောကြားသည်။
ချင်းညီနောင် (CB) အနေဖြင့် ချင်းပြည်နယ်က ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ဖလမ်းမြို့နယ်များကို မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်မှုအတွင်း အာရက္ခတပ်တော် (AA) ၏ စစ်ရေးအကူအညီများစွာ ရရှိခဲ့ကြောင်းကိုလည်း မြို့သိမ်းစစ်ဆင်ရေး အောင်ပွဲများတွင် ပြောဆိုခဲ့သည်။
ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ – မင်းတပ်/ CDF – မင်းတပ်၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး -ZFU / PDF – Zoland၊ ချင်းကာကွယ်ရေးတပ် ကန်ပက် လက်/ CDF – ကန်ပကလက်၊ မတူပီတော်လှန်ရေးအဖွဲ့ချုပ် – MRO/ CDF – မတူပီ နှင့် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC/ MDF) တို့ ပါဝင်ကြောင်း သိရသည်။

