
AB News – အောက်တိုဘာ ၂၉၊ ၂၀၂၅
နွယ်စိုး
ဘင်္ဂလားဒေ့ရှ်တွင် အောက်တိုဘာလ ၆ ရက်နေ့က ကျင်းပသည့် မူဆလင် အကြမ်းဖက်အဖွဲ့ ARSA ၏ ၉ နှစ်မြောက် နှစ်ပတ်လည် စုဝေးပွဲတွင် ရက္ခိင်ပြည်အား အင်အားသုံးတိုက်ခိုက် သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ARSA အဖွဲ့၏ ခေါင်းဆောင် Sheikh Burhan က ပြောကြားခဲ့သည်။
ARSA အဖွဲ့၏ ၉ နှစ်မြောက်နှစ်ပတ်လည် စုဝေးပွဲတွင် ရက္ခိုင်ကို အင်အားသုံး တိုက်ခိုက် သိမ်းပိုက်မည်ဖြစ်ကြောင်း ARSA အဖွဲ့ဝင်များ စုဝေးပြီး ကြွေးကြော်ခဲ့သည့် ဗီဒီယိုဖိုင်အား ၎င်းတို့ အဖွဲ့က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
၎င်းတို့ ထုတ်ပြန်ခဲ့သည့် ဗီဒီယိုဖိုင်တွင် ARSA တပ်ဖွဲ့ဝင်များသည် တိုက်ခိုက်ရေးဝတ်စုံများနှင့် စစ်ဘက်သုံးဦးထုပ်များ ဆောင်းထားပြီး စည်းလုံးညီညွတ်စွာ လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲကြရမည်ဟု ကြွေးကြော် ပြောဆိုထားသည်ကိုလည်း မြင်တွေ့ရသည်။
“ငါတို့ ARSA အဖွဲ့ဟာ အကူညီတွေ မရဘူး။ ဒါကြောင့် ငါတို့ ကြိုးစားရမယ်။ ငါတို့ စခန်းမှာ မိန်းမ၊ ယောင်္ကျား ၃၀ လောက် ရှိတယ်။ ငါတို့ကို ဘယ်သူကမှ မကူညီဘူး။ ဒါကြောင့် ငါတို့ကြိုးစားရမယ်။ ငါတို့တော်လှန်ရေးကို နားလည်ရမယ်။ ငါတို့ကို ကမ္ဘာကလည်း မကူညီဘူး။ ရက္ခိုင်ပြည်မှာ ရှိတဲ့ မူဆလင်တွေ ညီညွှတ်ရမယ်။ ညီညွှတ်အောင်လည်း ငါတို့ လုပ်ရမယ်။ ငါတို့ တစ်ယောက်ချင်းစီ ကြိုးစားရမယ်။ ရက္ခိုင်ကို ရအောင်တိုက်မယ်။ သေချင်ရင်သေပစေ။ တစ်ယောက်ချင်းစီ စည်းကမ်း ရှိရမယ်။ ညီညွှတ်ရမယ်၊ ငါတို့ မရတာကို ရအောင် လုပ်ပြမယ်” ဟု ကြွေးကြော်ခဲ့ကြသည်။
အဆိုပါစုဝေးပွဲတွင် ARSA အကြမ်းဖက်အဖွဲ့ဝင်များ ကိုင်ဆောင်ထားသည့် FEG AMD – 65 ရိုင်ဖယ်သည် အာဖဂန်နစ္စတန်နိုင်ငံတွင် အသုံးပြုလေ့ရှိပြီး ၎င်းရိုင်ဖယ်သေနပ်အား အမေရိကန်ပြည်ထောင်စုတွင် ဝယ်ယူရရှိနိုင်ကြောင်း သိရှိရသည်။
လက်ရှိမှာ အဆိုပါလက်နက်သည် ရက္ခိုင်-ဘင်္ဂလားနယ်စပ်အတွင်း လှုပ်ရှားနေသာ အကြမ်းဖက်
ARSA လက်ထဲသို့ ရောက်ရှိနေသည်ကို ARSA အဖွဲ့ဝင်များ၏ ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများတွင် တွေ့ရှိရသည်။
ယင်းအပြင် ARSA လုံခြုံရေးသမားများ ဝတ်ဆင်ထားသည့် MICH (Modular Integrated Communications Helmet) ကျည်ကာဦးထုပ်အမျိုးအစားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထူးတပ်ဖွဲ့ဝင်များ အသုံးပြုဝတ်ဆင်လေ့ရှိကြောင်း ဘင်္ဂလားဒေ့ရှ်ဒေသအတွင်း စစ်ရေးသတင်းဖော်ပြသည့် မီဒီယာအချို့တွင် ရေးသားထားသည်။
အကြမ်းဖက် ARSA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အူခီးယားနှင့် နတ်ချောင်းချာရီ အနီးအနားတစ်ဝိုက်တွင် လေ့ကျင့်ရေးစခန်းအသစ်များ တည်ဆောက်ထားခြင်းနှင့် လက်နက်ငယ်များ သိုလှောင်ထားသော နေရာများကို တွေ့ရှိကြောင်း ဒေသတွင်း လေ့လာစောင့်ကြည့်ရေးကွန်ရက်မှ တဆင့် သိရသည်။
ယင်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နိုင်ယာပါရာ၊ ဘာလူခါလီနှင့် တက်ကနက် အနီးရှိ စခန်းများသို့ ARSA တပ်ဖွဲ့ဝင် ၂၀၀ခန့် ဝင်ရောက်ခဲ့ကြောင်း သတင်းရင်းမြစ်များထံက သိရသည်။
အကြမ်းဖက် ARSA အဖွဲ့သည် ရက္ခိုင်ပြည်မြောက်ပိုင်းအတွင်းသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများ ဆက်လက်လုပ်ဆောင်နေပြီး မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ ဒေသခံပြည်သူများကို ပစ်မှတ်ထား၍ ခြုံခိုတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပစ္စည်းဥစ္စာများ လုယက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းစသည့် အကြမ်းဖက်မှုမျိုးစုံကို ရက်စက်စွာ ကျူးလွန်လျက်ရှိသည်။
ပုံစာ – MICH (Modular Integrated Communications Helmet) ကျည်ကာဦးထုပ်များနှင့် FEG AMD – 65 ရိုင်ဖယ်များ ကိုင်ဆောင်ထားသော မူဆလင်အကြမ်းဖက် ARSA အဖွဲ့ဝင်များအား မြင်တွေ့ရစဉ်။