
AB News-ဆောင်းပါး
ဆောင်းပါးရှင်-မာမဃ/သြဂုတ်လ ၂၉ ရက်၊ ၂၀၂၅
ဩဂုတ် ၂၅ ရက်ရောက်တိုင်း ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့၊ နိုင်ငံတကာ သံရုံးတွေကနေ မူဆလင်ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး တရားမျှတမှု ရရှိရေး၊ နေရပ်ပြန်နိုင်ရေး၊ ကျူးလွန်သူတွေကို အမြန်ဆုံး ပြစ်မှုစီရင်ရေး အသံ တွေ ကျယ်ကျယ်လောင်လောင် ထွက်ပြကြပါတယ်။
ဒါတွေက လူသားချင်းစာနာမှုဆိုင်ရာ စံချိန်စံနှုန်းတွေအရ နစ်နာသူတွေဖက်ကနေ ရပ်တည်ရမှာ မှန်ပါတယ်။ လူမျိုးတုန်း သတ်ဖြတ်မှုကျူးလွန်သူတွေကို အမြန်ဆုံး အပြစ်ပေးဖို့လိုအပ်ပါတယ်။
ဒါပေမဲ့ ဒီဆောင်းပါးမှာ အဓိက မီးမောင်းထိုးပြချင်တာတော့ မောင်တော ပြဇာတ်ကို အကွက်ကျကျ တွက်ချက်က ပြခဲ့တဲ့ တရားခံတွေ၊ စစ်ရာဇဝတ်များစွာကို ကျူးလွန်ခဲ့သူတွေထဲ အာရကန် ရိုဟင်ဂျာကယ်တင်ရေး တပ်မတော် (ARSA) အုပ်စုကို ထိန်ချန်ထားကြတဲ့ အကြောင်းပါ။
တခါ ၂၀၁၇ အရေးအခင်းထဲ အကြမ်းဖက်သတ်ဖြတ်ခံလိုက်ရသူ ရာနဲ့ချီတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ တရားမျှတမှု ကို ဘယ်နိုင်ငံတကာကမှ မတောင်းဆိုကြပါ။ ဆိုတော့ ဟိန္ဒူဘာသာဝင်တွေဟာ ဒီဖြစ်စဉ်မှာ အပယ်ခံ မေ့လျှော့ခံ တွေဖြစ်နေပြီးလား?
ဒီဆောင်းပါးရဲ့ ဆိုလိုရင်းက ဒီက စပါတယ်။

ကမ္ဘာကျော် အကြမ်းဖက်မှုကြီးဖြစ်စဉ် (သို့မဟုတ်) ၂၀၁၇ မောင်တော အရေးအခင်း
လွန်ခဲ့တဲ့ ၈ နှစ်…ကာလ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ …
သန်းခေါင်ယံ ညဥ့်အချိန်မှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ တကမ္ဘာလုံးအထိ အာရုံစိုက်ခဲ့ရတဲ့ မောင်တော အရေး အခင်းကြီး စတင်ပါတယ်။ အဓိက ဇာတ်ကောင်တွေကတော့ ARSA နဲ့ မြန်မာစစ်တပ်ပါ။
ဖြစ်စဉ်ကတော့ ရက္ခိုင်ပြည် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်က မြန်မာစစ်တပ် ရဲကင်းစခန်း ၃၀ နဲ့ တပ်ရင်း ဌာနချုပ် ၁ ခုကို ARSA အကြမ်းဖက် မူဆလင်တွေ အင်အားအလုံးအရင်းနဲ့ တပြိုင်နက်တည်း ချိန် ကိုက် တိုက်ခိုက်ခဲ့တာပါ။
ARSA အကြမ်းဖက်အုပ်စုတွေဟာ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးစုရုံးပြီးတော့ လက်နက်ငယ်ကြီး/ငယ်၊ လက်လုပ်မိုင်းတွေ၊ အဝေးထိန်း ဒေသန္တရမိုင်းတွေ၊ တုတ်၊ ဓား၊ ဂျင်ကလိ၊ ဝါးချွန်၊ တူးရွင်းစတဲ့ ရရာလက်နက်ကိုင်ဆောင်ပြီး မြန်မာ စစ်တပ်နဲ့ နယ်ခြားစောင့် တပ်စခန်းတွေကို ညာသံပေး ချီတက်တိုက်ခဲ့ကြပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသ မောင်တောနယ်က ရက္ခိုင်၊ မြို၊ သက်၊ မရမာ၊ ဒိုင်းနက်(သက္ကမ) စတဲ့ မျိုးနွယ်စုတွေနဲ့ ဟိန္ဒူဘာသာဝင်တွေနေထိုင်ရာ ကျေးရွာတွေကိုလည်း ဖျက်ဆီးပြီး တွေ့သမျှလူတွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့ ကြတာပါ။
အဲဒီတုန်းက ARSA နဲ့ သူတို့စည်းရုံးထားတဲ့ ဒေသခံရွာသား အကြမ်းဖက်အင်အား အနည်းဆုံး ၆၀၀၀ ကနေ ၁၀၀၀၀ အထိ ဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဖွဲ့တဖွဲ့မှာ လူဦးရေ ၃၀၀ ကနေ ၅၀၀ ကျော်စုပြီး တိုက် ခိုက်ကြတာပါ။ မောင်တောခရိုင်ထဲ တွေ့သမျှလူကို ‘ တွေ့ရာသင်္ချိုင်း ဓားမစိုင်း ’ သတ်ဖြတ်၊ မီးရှို့၊ အဓမ္မပြုကျင့်မှု တွေ ကျူးလွန်ခဲ့ကြတာပါ။
ဒီတော့ NLD အစိုးရဟာ ARSA ကို အကြမ်းဖက်အဖွဲ့အဖြစ် ချက်ချင်းကြေညာပါတယ်။ မြန်မာ စစ်တပ်ကလည်း ‘ ဇွဲမာန်ဟုန်စစ်ဆင်ရေး ’ နာမည်ပေးပြီးတော့ ARSA ကို နှိမ်နင်းဖို့နဲ့ မူဆလင်တွေကို မောင်းထုတ်ဖို့ အကြောင်း ပြချက် ရခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်တပ်တွေဟာ ARSA အပါအဝင် အရပ်သား မူဆလင်တွေကို အစုလိုက်အပြုံ လိုက်ပစ်သတ်၊ မီးရှို့ ဖျက်ဆီးပြီး မူဆလင်တွေ့ရင် အပြောင်ရှင်းတဲ့ ဗျူဟာကျင့်သုံးခဲ့ပါတယ်။ ဒီအကျိုးဆက် အနေနဲ့ မူဆလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။
၂၀၁၇ အကြမ်းဖက်မှုဖြစ်စဉ်တွေဟာ ဩဂုတ် ၂၅ ကနေ စက်တင်ဘာ ၅ အထိ စုစုပေါင်း ၁၂ ရက်သာကြာမြင့် ခဲ့ပြီး ARSA အကြမ်းဖက်သမား ထောင်နဲ့ချီဟာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲဝင်ပြီးတော့ ငုတ်လျှိုး ပျောက်ကွယ် ခဲ့ပါတော့တယ်။
ARSA ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု
ဒီပြဿနာမှာ အကြမ်းဖက် ရက်စက်မှု ပေါင်းစုံကျူးလွန်ခဲ့သူနှစ်ဦးဟာ အာတာအူလ္လာနဲ့ မင်းအောင်လှိုင်တို့ ဖြစ်ပါ တယ်။
ဒီဇာတ်လမ်းထဲ ဒီနေ့အချိန်ထိ ပစ်ပယ်ခံထားရသူတွေကတော့ ဒေသခံ ဟိန္ဒူဘာသာဝင်တွေပါ။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက် နံနက်ပိုင်းမှာ ဟိန္ဒူတွေနေထိုင်ရာ မောင်တော မြောက်ပိုင်းက ရဲဘော်ကျကျေးရွာနဲ့ ခမောင်းဆိပ်(တောင်) ကျေးရွာတို့ကို ARSA တပ်ဖွဲ့ဝင် ထောင်ချီဝင်လာပြီး တွေ့သမျှ ကလေး၊ အမျိုးသမီး မကျန် လိုက်လံဖမ်းဆီးခဲ့ပါတယ်။ တချို့ကထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။
ဒီအထဲမှာ ရဲဘော်ကျရွာက ဟိန္ဒူဘာသာဝင် ၅၂ ဦးနဲ့ ခမောင်းဆိပ် (တောင်) ရွာက ၅၄ ဦး စုစုပေါင်း ၁၀၆ ဦးကို ARSA အုပ်စုကြီးက ဖမ်းဆီးခဲ့ပြီးတော့ ရွာသားတွေရှေ့မှာတင် နည်းမျိုးစုံ ညှင်းပန်းနှိပ်စက်ခဲ့ပါတယ်။ ဒီထက်ပိုဆိုး တာက အသင့်တူးထားတဲ့ မြေကျင်းဘေးမှာ လည်လှီးသတ်ဖြတ် မြေမြှုပ်ခဲ့တာပါ။ ဒါ့အပြင် နောက်ထပ် ဖမ်းဆီးခံ ခဲ့ရသူ ဟိန္ဒူ ၆၀ ကျော်မှာလည်း ဒီနေ့တိုင် သတင်းအစအနမရဘဲ ပျောက်ဆုံးနေဆဲပါ။
ဒါ့အပြင် ဟိန္ဒူနေအိမ်တွေက ရွှေ၊ ငွေပစ္စည်းတွေကို လုယက်တာ၊ ဘာသာရေး အဆေက်အဦးတွေ နေအိမ်တွေကို မီးရှို့တာစတဲ့ ပြစ်မှုတွေကို ARSA အဖွဲ့က ကျူးလွန်ခဲ့ပါတယ်။ ပြီးတော့ ရဲဘော်ကျကျေးရွာက ဟိန္ဒူအမျိုးသမီး ငယ် ၁ ဦးနဲ့ ခမောင်းဆိပ်(တောင်) ရွာက အမျိုးသမီး ၈ ဦးကိုလည်း အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပါသေးတယ်။
တခါ ရုပ်ရည်ရှိတဲ့ ဟိန္ဒူအမျိုးသမီးငယ်တွေကို ARSA တွေက လက်ထပ်ဖို့ စည်းရုံးတာ၊ မူဆလင် အမျိုးသမီးဝတ်စုံ ပြောင်းလဲဝတ်ဆင်စေပြီး အစ္စလာမ်ဘာသာ သို့ အတင်း သွတ်သွင်းတာတွေ လုပ်ခဲ့ပါတယ်။ တချို့ ဟိန္ဒူအမျိုး သမီးငယ်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်း ခေါ်သွားခဲ့ပါတယ်။
ARSA ဖမ်းဆီးသွားတဲ့ ဟိန္ဒူအမျိုးသမီး ၈ ဦးကို စက်တင်ဘာလနဲ့ အောက်တိုဘာလထဲမှာ ဘင်္ဂလားဒေ့ရှ်ဒုက္ခစခန်း ကနေ ရက္ခိုင်သို့ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီး မိသားစုထံသို့ အပ်နှံ့ခဲ့ရပါတယ်။ ဒီကနေ့ အချိန်ထိ ဟိန္ဒူတွေဟာ စစ်တွေ ၊ မောင်တောနဲ့ အခြားနေရာရှိ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေအဖြစ် ရှိနေဆဲပါ။
ဒါ့အပြင် သြဂုတ်၂၉ ရက်နေ့မှာ မောင်တောမြို့နယ် ခုံတိုင်ကျေးရွာက မြိုလူမျိုး ၇ ဦးကိုလည်း ARSA တွေ မီးရှို့ သတ်ဖြတ်ခဲ့ပါတယ်။ ဒီအရေးအခင်းမှာ ရက္ခိုင်၊ မြို၊ ဒိုင်းနက်၊ မရမာ၊ ဟိန္ဒူ စုစုပေါင်း ၃၀၀ ကျော် သတ်ဖြတ်ခံခဲ့ရ တယ်လို့ NLD အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက စက်တင်ဘာလ ၂၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International (AI) ကလည်း ARSA အဖွဲ့ဟာ ကလေးတွေ အ ပါဝင် ဟိန္ဒူဘာသာဝင် ၁၀၀ ကျော်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တယ်လို့ ၂၀၁၈ မေ ၂၃ ရက် အစီရင်ခံစာ မှာ ဖော်ထုတ်ရေးခဲ့ပါတယ်။
အဓိက တရားခံ အာတာအူလ္လာ
အာတာအူလ္လာ အဘူ အာမာဂျုနောနီ Ataullah abu Ammar Jununi) ကိုပါကစ္စတန်နိုင်ငံမှာမွေးပြီး ဖခင်ဖြစ်သူဟာ မောင်တော ဇာတိဖြစ်ပါတယ်။ ငယ်စဉ်က ကရာချိ မြို့ နာမည်ကျော် Darul-Uloom အစ္စလမ်ဘာသာရေးကျောင်းနဲ့ ဆော်ဒီအာရေဗျနိုင်ငံ မြို့ တော် ရီယာ့ဒ် (Riyadh) မှာ ပညာသင်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ARSA အဖွဲ့ကို အာတာအူလ္လာ ဦးဆောင်ပြီး နောက်လိုက်တွေနဲ့ တည်ထောင်ပါတယ်။
အစ္စလာမ္မစ် ဘာသာရေးအစွန်းရောက် ARSA အဖွဲ့ခေါင်းဆောင် အာတာအူလ္လာဟာ ၂၀၁၃ ခုနှစ်မှာ မောင်တော မြောက်ပိုင်းသို့လာပြီး ဒေသခံ မူဆလင် ဘာသာရေးခေါင်းဆောင်တွေကို လျှို့ဝှက်စည်းရုံးပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ မေယုတောင်ကြောကို အခြေပြုပြီး ဌာနေတိုင်းရင်းသားမျိုးနွယ်စုတွေကို သတ်ဖြတ်တာ။ မြန်မာစစ်တပ် နဲ့ နယ်ခြားစောင့်စခန်းတွေကို တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ပြပါတယ်။
ARSA ခေါင်းဆောင်တွေကတော့ မောင်တောတောင်ပိုင်း မြင်းလွတ်မြို့က အာရဗီ တက္ကသိုလ်ပါမောက္ခချုပ် မော်လဝီ မုစ်တာရ်အာမက်၊ မောင်တောမြောက်ပိုင်း ငါးခူရနယ်မြေမှာ မော်လဝီအဒူရာမာန်၊ တောင်ပြိုလက်ဝဲ နယ်မြေမှာ မော်လဝီဂျာမာနဲ့ နံသာတောင်ကျေးရွာမှာ မော်လဝီ မော်ရှီတာမောက်၊ ဘူးသီးတောင် မြို့နယ် မိချောင်းဈေးရွာက မော်လဝီကူမူရိုတို့ဖြစ်ပါတယ်။
၂၀၁၆ အောက်တိုဘာ ၉ ရက်မှာ မောင်တော အမှတ် (၁)နယ်ခြားစောင့် ရဲကွပ်ကဲရေးအဖွဲ့ဌာနချုပ် (ကျီးကန်းပြင် )၊ ငါးခူရနယ်မြေ ရဲစခန်းနဲ့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့် ရဲစခန်းကို အလိုက် ငိုက်တိုက် ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ရဲ ၉ ဦးသေဆုံးပြီးတော့ လက်နက်အချို့ကိုလည်း ARSA က ရလိုက်ပါတယ်။ ဆက် လက်ပြီး မကြာခဏ တိုက်ခိုက်မှုလုပ်ပြပြီး မူဆလင်တွေကို အယုံသွင်းပါတယ်။
တဖန် မောင်တော အရေးအခင်မှာ အကြိတ်အနယ် ရန်သူအဖြစ် တိုက်ခိုက်ခဲ့ကြတဲ့ မင်းအောင်လှိုင်စစ်တပ်နဲ့ ARSA တို့ မဟာမိတ်ဖွဲ့ပြီး အာရက္ခတပ်တော်ရဲ့ ဘူးသီတောင်နဲ့ မောင်တော မြို့သိမ်းတိုက်ပွဲမှာ AA ကို ပေါင်းတိုက် ကြပါ သေးတယ်။ ARSA တွေဟာ ဘူးသီးတောင်မြို့ပေါ်က ရက္ခိုင်နေအိမ်တွေကို မီးရှို့တာ၊ သူတို့ကို မထောက် ခံတဲ့ မူဆလင်တွေကို သတ်ဖြတ်တာစတဲ့ စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့ပါသေးတယ်။
ဒါတွေကတော့ အာတာအူလ္လာနဲ့ARSA ရဲ့ စစ်ရာဇဝတ်မှု လူမျိုးတုံးသတ်ဖြတ်မှု (Genocide)နဲ့ လူမျိုးတုံးသန့်စင်မှု (Ethnic Cleansing) ကျူးလွန်ခဲ့တာကို ဖော်ပြသွားတာပါ။
ပြီခဲ့တဲ့ ၂၀၂၅ မတ် ၁၇ ရက်မှာတော့ ARSA ခေါင်းဆောင် အာတာအူလ္လာ အပါအဝင် ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဖမ်းဆီးထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ တရားမဝင်ဝင်ရောက်မှုနှင့် ရာဇ၀တ်မှုဆိုင်ရာပုဒ်မတွေနဲ့ တရားစွဲထားပါတယ်။
အာတာအူလ္လာဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေကို လူသားရင်းမြစ် စုဝေးရာနေရာအဖြစ် လိုသလိုချေ လှယ်ပြီးတော့ မူဆလင်တွေကို ပစ်မှတ်ထားသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရ အနေ နဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ တရာစွဲသင့်ကြောင်း ၂၀၂၅ မတ်လ ၁၈ ရက်မှာ Fortify Rights က တောင်း ဆိုခဲ့ပါတယ်။
ပြီးတော့ ဒုက္ခသည်စခန်းတွေမှာ ARSA အပါဝင် မူဆလင်လက်နက်ကိုင်အုပ်စုတွေဟာ ၂၀၂၁ ကနေ ၂၀၂၄ ခု နှစ် အတွင်း လူ ၂၂၀ ထက် မနည်းကို သတ်ဖြတ်ခဲ့တယ်လို့ Fortify Rights က ထောက်ပြခဲ့ပါတယ်။
ပြန်ကောက်ရရင် ရက္ခိုင်နဲ့ မူဆလင် အသိုင်းဝိုင်းကြား မတူကွဲပြားမှုကို အခွင့်ကောင်းယူကာ ထိလွယ်ချလွယ် အ ကဲ ဆတ်နေတဲ့ အချိန်မှာ အာတာအူလ္လာက အကြမ်းဖက်မှု ဖန်တီးခဲ့တာပါ။ ARSAနဲ့ မင်းအောင်လှိုင်ရဲ့ အကြမ်း ဖက်မှု လုပ်ရပ်တွေကြောင့် ကမ္ဘာအကြီးဆုံးဒုက္ခသည် စခန်း၊ ယနေ့အချိန်ထိ ရှင်းရခက်တဲ့ ပြဿနာ၊ ICJ၊ ICCC စတဲ့ ထိပ်တန်းရောက် အမှုများစွာ ဖြစ်စေနေဆဲပါ။
တခါမူဆလင် ဒုက္ခသည်နေ့မှာ NUG ကလည်း နိုင်ငံတကာနည်းတူ ချော်လဲရောထိုင် ဒုက္ခသည်အရေးကို ဟန်ပြ ထုတ်ပြန်တာကို တွေ့ရပါတယ်။ ဒီမှာ တချက်သတိပြုရမှာက လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကမ္ဘာ့ခုံရုံးထိ တက်ရောက် တရားရင်ဆိုင်နေရတဲ့အထဲ NUG ဦးထိပ်ပန်ဆင်ထားသူ ဒေါ်အောင်ဆန်း စုကြည်လည်းပါနေပါတယ်။
မတ်လက အာဂျင်တီးနား တရားရုံးကနေပြီးတော့ မူဆလင်ကိစ္စနဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရတဲ့အမှုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တတန်းတည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ထည့်ထားတာပါ။ ဒါတွေကတော့ NUG အတွက် စဉ်းစားလို့ရစေအောင် ထောက်ပြသွားတာပါ။
ထားပါတော့ ဆောင်းပါး ဆိုလိုရင်းကို ဆက်သွားပါမယ်။
မူဆလင် အခွင့်ရေးသမားတွေရဲ့ အကြံအစည်တွေက ဘာလဲ
အပေါ်ကပြောခဲ့သလို ဒီဇာတ််လမ်းမှာ အကြမ်းဖက်ခေါင်းဆောင် အာတာအူလ္လာရဲ့ ပြစ်မှုတွေအပေါ် ဝှက်ဖို့ကြိုး စားထားပြီး အကြမ်းဖက် မင်းအောင်လှိုင်နဲ့ တတန်းတည်း ဒေါ်အောင်ဆန်းစုကြည်ပါဝင်နေအောင်လုပ်နေတာ ဘယ်သူတွေပါလဲ။ ဘာကြောင့်ပါလဲ။
ဒီအစီစဉ်တွေကို ချိန်ကိုက်လှုပ်ရှားနေတာကတော့ မူဆလင်အရေးလှုပ်ရှားနေသူ ရိုနေဆန်းလွင်၊ ဦးထွန်းခင်၊ ဦးရွှေမောင်၊ NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်ကျော်မိုးတို့လို ပြည်ပ အုပ်စုတွေဖြစ်ပါတယ်။
သူတို့ရဲ့ အကြံစည်တွေဟာ မူဆလင်အရေးမှာ မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ AA ကိုပါ တပါတည်း အမှုဆင်ပြီး အာတာအူလ္လာနဲ့ ARSAကို ချန်ထားကာ လုပ်ဇာတ်တွေ ခင်းကြပါတယ်။
ဒုက္ခသည်နေ့ မတိုင်မီ ချိန်ကိုက်အနေနဲ့ ဒီနှစ် ဇူလိုင်လက အာရ်ကန် ရိုဟင်ဂျာ အမျိုးသား ကောင်စီ (ARNC) ဖွဲ့စည်းပါတယ်။ ပြီးတော့ ချိန်ကိုက်ဂွင်ရှာပြီး ဘူးသီးတောင် ထန်းရှောက်ခံရွာ ဖြစ်စဉ်နဲ့ AA ကို စွပ်စွဲတိုက်ခိုက် လာပါတယ်။
တဖက်မှာလည်း ARSA တွေဟာ နယ်စပ်ဒေသက AA စခန်းတွေနဲ့ ဒေသခံတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။ ARSA ဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက လူတွေကို ဖမ်းဆီးငွေညှစ်တာ၊ သတ် ဖြတ်တာ၊ အတင်းအဓမ္မတပ်သား သစ်စုဆောင်းတာ စတဲ့ လုပ်ငန်းမျိုးစုံလုပ်ပြီး မူဆလင်တွေကို လွှမ်းမိုးထား ပါတယ်။
ဒါကြောင့် အာရ်ကန် ရိုဟင်ဂျာ အမျိုးသားကောင်စီ (ARNC)နဲ့ ARSA၊ RSO၊ ARA၊ RIM (Four Brothers Alliance) လေးဖွဲ့တို့ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရက္ခိုင်ဒေသမှာ လူမျိုးဘာသာ အမုန်းတရားကို အခြေခံတဲ့ လုပ်ရပ်တွေ ဆက်တိုက်လုပ်ပြနေတာပါ။
ဒါပေမဲ့ ဒီဖြစ်စဉ်မှာ မူဆလင်တွေရဲ့ အာဂျင်တာကို မမြင်ဟန်ဆောင်ပြီး မူဆလင်အရေး တခုတည်းကိုသာ ရှေ့တန်း တင် အာရုံစိုက်နေတဲ့ ပြည်ပရောက် မူဆလင်အုပ်စုတွေ အကွက်ထဲ NUG ကလည်းဝင်ပြီးမိသွားတာပါ။ NUG ဟာ ဟိန္ဒူကိစ္စ တစွန်းတစ မဟဘဲ နှုတ်ဆိတ်နေပါတယ်။
အပေါ်မှာပြောခဲ့တဲ့အတိုင်း ဟိန္ဒူတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ခြင်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ARSA ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို ဒုက္ခသည်အရေးထဲ ထည့်မပြောကြတာ သတိထားစရာပါ။ ဆိုတော့ ARSA ရဲ့ လုပ်ရပ်တွေအတွက် လူ့အခွင့်အရေး အဖွဲ့တွေကို မေးခွန်းထုတ်စရာရှိ လာပါတယ်။
ဒီတော့ ဆောင်းပါးဆိုလိုရင်းကို ပြန်လှည့်ပါရစေ။

ရက္ခိုင်ပြည်ထဲက ဟိန္ဒဘာသာဝင်တွေ
၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ ရက္ခိုင်ပြည်ထဲမှာ ဟိန္ဒူဘာသာဝင်လူဦးရေ ၁၂၀၀၀ ကျော်ရှိတယ်လို့ ဆိုပါ တယ်။ ဟိန္ဒူဘာသာဝင်တွေဟာ မောင်တောဒေသမှာ အများဆုံးနေထိုင်ကြပြီးတော့ အမျိုသားတွေဟာ ဆံပင် ညှပ်တာ၊ ပန်းထိန်လုပ်ငန်း၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းတွေနဲ့ အမျိုးသမီးတွေဟာ အဝတ်လျှော်နဲ့ အိမ်တွင်းမှု အလုပ်တွေ လုပ်ကိုင်ပြီး အေးချမ်းစွာ နေထိုင်ကြသူတွေပါ။ ရန်လိုငြူစူမှု မတွေ့ရဘဲ ဒေသနေ လူမျိုးပေါင်းစုံနဲ့ သဟာဇာတ Unity and Diversity ကို အလေးထားသူတွေအဖြစ် တွေ့ရပါတယ်။
ဆိုတော့ နိုင်ငံတကာမှာ မူဆလင်တွေရဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်နေပေမဲ့ ရက္ခိုင်ဒေသနေ ဟိန္ဒူ ဘာသာဝင်တွေရဲ့ ငိုကြွေးသံတွေကိုလည်း လူသားချင်းစာနာမှုနဲ့ ကူညီပေးဖို့ လိုပါဦးမယ်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း ခံလိုက်ရတဲ့ ဟိန္ဒူတွေကို ဩဂုတ်လ ၂၅ ရက်နေ့ ရောက်တိုင်း ဒီအတိုင်း ကြည့်နေကြတော့မှာလား။ မူဆလင်အရေးအတွက် အဓိကတရားခံ မင်းအောင်လှိုင်နဲ့အတူ ဟိန္ဒူအရေးအတွက် အဓိက တရားခံ အာတာအူလ္လာကို ICJ၊ ICC တို့မှာ ရုံးတင်ပြီး တရားမျှတမှု ဆောင်ကြည်းပေးသင့်ပါတယ်။
တဖက်မှာလည်း ARSA အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရက္ခိုင်၊ မြို၊ သက်၊ ဒိုင်းနက်၊ မူဆ လင်၊ ဟိန္ဒူတွေ ထိခိုက်ခံစားခဲ့ရတာကို လုံးဝ လျစ်လျူရှုထားတာ တွေ့ရမှာဖြစ်ပါတယ်။
အဓိက ပြည်ပနေ မူဆလင်တွေရဲ့ ပစ်မှတ်ဟာ ARSA အကြမ်ဖက်အဖွဲ့ပြစ်မှုတွေကို ဖုံးကွယ်ပြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်၊ အာရက္ခတပ်တော်အားလုံးကို ချိန်ရွယ်ပြီး ဇာတ်ကွက်ရွေ့ကစားနေတာကို သတိပြုရ မှာပါ။
နိဂုံးအနေနဲ့ မောင်တောအရေးအခင်းထဲနစ်နာခဲ့သူ ဟိန္ဒူဘာသာဝင်တွေအတွက် တရားမျှတမှု ရရှိရေးနဲ့ လူသား ချင်းစာနာမှု နိုင်ငံတကာ စံနှုန်းတွေ ပျောက်ကွယ်နေဆဲပါ။ ကျူးလွန်ခဲ့သူတွေ ဒီအတိုင်း ကင်းလွတ်ခွင့်ရှိနေတာ ဘယ်သူကမှ ထုတ်မပြောကြတာကတော့ တဖက်သတ် ဘက်လိုက်မှုတွေလို့ ဆိုရပါမယ်။
ဒီတော့ မောင်တောအရေး အခင်းမှာ မတရား စတေးခံခဲ့ရတဲ့ ဒေသခံ ဟိန္ဒူဘာသာဝင်တွေရဲ့ ငိုကြွေးသံတွေကို နိုင်ငံတကာက ကြားပါစ…လို့… လှမ်းမေးနေသူတွေ ရှိနေကြောင်းပါ…ခင်ဗျား…။
မာမဃ —