
AB News – ဩဂုတ် ၁၉၊ ၂၀၂၅
ရက္ခိုင်၊ မင်းပြားမြို့နယ်၊ မြောင်းတစ်ခုထဲတွင် သတိလစ်မေ့မြောလျက်နေသည့် သက်ကြီးပိုင်း အမျိုးသား ၁ ဦးကို ဒေသခံပြည်သူများက တွေ့ရှိခဲ့ပြီးနောက် အာရက္ခတပ်တော် AA လုံခြုံရေးအဖွဲ့ဝင်များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားကို နရမ်းခွဆုံအနီး မြောင်းထဲ၌ သတိလစ်လဲကျလျက် နေသည်ကို တွေ့ရှိခဲ့ပြီး ဒေသခံများက အာရက္ခတပ်တော် လုံခြုံရေးအဖွဲ့ဝင်များထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
“အဲ့ဒီ အဘိုးက မြောင်းထဲမှာ သတိလစ်မေ့မြောနေတာကို တွေ့ရတယ်။ သူ့မှာ ငွေအကြွေ
လေးသောင်းလောက်လည်း ပါတယ်။ ဘယ်သူလဲဆိုတာတော့ မသိရသေးဘူး။ သူကသတိလစ်နေတော့ ဘယ်ကလဲဆိုတာ ဘယ်သူမှ မသိကြဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းသည် မြောင်းထဲတွင် အစာရေစာငတ်ပြတ်ပြီး သတိလစ်လျက်နေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်၍ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့နောက် AA လုံခြုံရေးအဖွဲ့ဝင်များက သက်ကြီးပိုင်း အမျိုးသားကို ချက်ချင်းကူညီကယ်ဆယ်ကာ မင်းပြားမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“အခုလိုမျိုး မြောင်းထဲမှာ တွေ့ရတာအရမ်းစိတ်မကောင်းစရာပဲ။ သူ့မိသားစုတွေလည်း စိတ်ပူနေကြမှာ။ ဘယ်သူ့အဖေလဲဆိုတာ သိရရင် အမြန်ဆုံး အကြောင်းကြားစေချင်ပါတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။
လက်ရှိတွင် သတိလစ် မေ့မြောလျက်နေသည့်သက်ကြီးပိုင်း အမျိုးသားသည် မည်သူမည်ဝါဖြစ်ကြောင်းကို AB News က အတည်မပြုနိုင်သေးပေ။
၎င်းသည် တောင်ကုတ်မြို့မှ ဖြစ်နိုင်ကြောင်း ဒေသခံများပြောပြချက် အရသိရသည်။
အာရက္ခတပ်တော်လုံခြုံရေးအဖွဲ့များက ကူညီကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။