AB News – သြဂုတ် ၉ ၊ ၂၀၂၅
ချန်ဒြာ
ရက္ခိုင်ပြည် ၊ ကျောက်ဖြူမြို့နယ် ၊ မင်းပြင်ရွာအထက်တန်းကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။
စစ်ကောင်စီသည် ယမန်နေ့ သြဂုတ် ၈ရက်နေ့၊ ညနေ ၁၁ နာရီ၊ ၁၃ မိနစ်တွင် ၁ ကြိမ်နှင့် ၁၁ နာရီ ၁၆ မိနစ်တွင် ၁ ကြိမ် မင်းပြင်ရွာစာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မင်းပြင်ရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ဓမ္မာရုံ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့၊ ညနေ ၅ နာရီခွဲခန့်တွင် စစ်ကောင်စီက ကျောက်ဖြူမြို့နယ် ကုလာဘာကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့ပြင် ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်ခန့် အချိန်တွင်လည်း စစ်ကောင်စီက ကျောက်ဖြူရွာဘုန်းကြီးကျောင်းကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီးတစ်ပါး ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းခြံဝင်းအတွင်းရှိ အဆောက်အအုံ အချို့လည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာဘုန်းကြီးကျောင်းနှင့် ကုလားဘာရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သက်တော် ၉၃ နှစ်အရွယ် ဆရာတော်ကြီးတစ်ပါးနှင့် ကုလားဘာရွာသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့ ၊ နံနက် ၁၁ နာရီအချိန်ခန့်ကလည်း စစ်ကောင်စီက ကျောက်ဖြူမြို့နယ်၊ မင်းရပ်တိုက်နယ်၊ သဒွတ္ထိန်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပုံစာ – ကျောက်ဖြူမြို့နယ် ၊ မင်းပြင်ရွာအထက်တန်းကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပျက်အစီးများကို မြင်တွေ့ရစဉ်။



